စစ်ကောင်စီသည် သောင်ရင်းမြစ်တလျှောက် ပြစ်မှုဇုန် ၁၅ ခုကို ဖန်တီးထားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေးကောင်စီ သို့တင်ပြ

Author လင်းခိုင်
Categories
Published on Jan 14, 2023

 

စစ်ကောင်စီသည် သောင်ရင်းမြစ်တလျှောက် ပြစ်မှုဇုန် ၁၅ ခုကို ဖန်တီးထားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တင်ပြခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌဖြစ်သော ဂျပန်နိုင်ငံမှ ဦးဆောင်ကျင်းပသည့် (Rule of Law among Nations )ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အစည်းအဝေးတွင် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အမြဲတမ်းကိုယ်စားများက မိန့်ခွန်းပြောကြားရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လတ်တလော ရရှိထားသည့် သတင်းများအရ စစ်ကောင်စီအနေဖြင့် သောင်းရင်းမြစ်တလျှောက် ကီလိုမီတာ ၄၀ခန့်တွင် ပြစ်မှုဇုန် ၁၅ ခုကို ဖန်တီးပေးထားကာ၊ ယင်းဒေသတွင် နိုင်ငံ ၃၀ ကျော်မှ အပြစ်မဲ့ပြည်သူများကို လိမ်လည်လှည့်ဖျားခြင်းခံရပြီး လူကုန်ကူးမှုများ ဖြစ်ပေါ်နေသည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးအတွက် စိုးရိမ်ရသည့် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အ၀န်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် အဆိုပါ လူကုန်ကူးမှုအကျပ်အတည်းကို အလေးအနက်ထား အချိန်မီ ကိုင်တွယ် ဖြေရှင်းပေးရန် သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။

လုံခြုံရေးကောင်စီအနေဖြင့် ကြီးလေသော နိုင်ငံတကာရာဇ၀တ်မှုများအတွက် တာ၀န်ခံမှုရှိစေရန် ယခင်က ကိုင်တွယ်ဖြေရှင်းပေးပေးနိုင်ခဲ့သဖြင့် မြေပြင်အခြေအနေအတွက်လည်း အပြုသဘောဆောင်သည့် ရေရှည်အကျိုးရလဒ်များ ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်ပြီး အလားတူဆောင်ရွက်နိုင်ရန် လုံခြုံရေးကောင်စီ၌ လိုအပ်သည့် လုပ်ငန်းစဉ်များ ရှိနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြ ပြောဆိုသည်။

ထို့ပြင် လုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပထမဆုံးသော ဆုံးဖြတ်ချက်အဆို အတည်ပြုချမှတ်နိုင်ခဲ့သည့် အပေါ် ကျေးဇူးတင်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထူခြားသည့် အခွင့်အရေး လက်၀ယ် ရှိနေပြီဖြစ်သည်ဟု သံအမတ်ကြီးက ဆိုသည်။

ဆက်လက်ပြီး သံအမတ်ကြီးက ပြောကြားရာတွင် စစ်ကောင်စီမှ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ ထပ်မံကျူးလွန်ခြင်းအား ကြိုတင်ကာကွယ်နိုင်ရေး၊ စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ခတ်ခြင်းမခံရသည့် ကျင့်စဉ်ကို ဖြေရှင်းပေးနိုင်ရေးအတွက် ဆုံးဖြတ်ချက်အဆိုပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ဦးကျော်မိုးထွန်း #သောင်ရင်းမြစ် #ပြစ်မှုဇုန်