စစ်ကောင်စီသည် သူရဲဘောကြောင်စွာ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ်ပြစ်မှုများကျူးလွန်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 24, 2022

စစ်ကောင်စီသည် သူရဲဘောကြောင်စွာ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုများကျူးလွန်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွင် ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး အခြေအနေသည် ပိုမိုဆိုးဝါးလာသည်နှင့်အမျှ စိတ်ဓာတ်ကျဆင်းလာပြီး ကစဉ့်ကလျားဖြစ်ကာ လက်နက်အားကိုးဖြင့် အပြစ်မဲ့ ပြည်သူလူထုအား ဦးတည် တိုက်ခိုက်လာခြင်းများကို မြန်မာပြည်အနှံ့ နေ့စဉ်ပြုလုပ်လျှက်ရှိကြောင်း၊ စစ်သားမပီသဘဲ သူရဲဘောကြောင်စွာဂျက် တိုက်လေယာဉ်များဖြင့် ညအချိန်များတွင် အလစ်အငိုက်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများကို အဓိကထားပြုလုပ်နေပြီး စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ် အပေါ် ပြစ်မှုကျူးလွန်ခြင်းများအား အထင်အရှားတွေ့မြင်နေရသည်ဟု ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ လုပ်ရပ်များသည် ပိုမိုဆိုးဝါးလာနေပြီး မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် အထူးသတိထားစောင့်ကြည့်ရန်လိုအပ်သလို နိုင်ငံတကာကလည်း အထူးသတိထားစောင့်ကြည့်ပြီး အရေးယူဆောင်ရွက်သင့်သည်များကို အမြန်အရေးယူဆောင် ရွက်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လှည့်ကွက်များကို သွေးအေးမနေဘဲ အထူးသတိထားရမည့် အချိန်ဖြစ်ပြီး စည်းလုံးညီညွတ်စွာဖြင့် ပြတ်ပြတ်သားသား တက် လှမ်းလုပ်ဆောင်ရမည့် အချိန်ကာလဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၃ ရက် ည ၈နာရီ မိနစ် ၄၀ ၀န်းကျင်အချိန်၌ ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ အနန့်ပါတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအ၀င် မဟာမိတ် KIO/KIA စစ်ဖက်၊ အရပ်ဖက် ၀န်ထမ်း အချို့ အသက်ဆုံးရှုံးရမှုအပေါ် များစွာ၀မ်းနည်းရပြီး၊ စစ်ကောင်စီ၏ ကျူးလွန်ထားသော စစ်ရာဇ၀တ်မှုများ အတွက် ထိုက်သင့်သည့် ပြစ်ဒဏ် ပေးရေးနှင့် ကျူးလွန်ခံရသူများဖက်မှ တရားမျှတမှုရရှိရန် မျှော်လင့်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ချက်တွင်ဖော်ပြထားသည်။