စစ်ကောင်စီသည် သဘာ၀ပတ်၀န်းကျင် ပျက်စီးစေသည့် စီမံကိန်းနှင့် သယံဇာတ တူးဖော်ခြင်းများကို ပြည်သူ့ဆန္ဒမပါဘဲ ထင်တိုင်းလုပ်ဆောင်နေကြောင်း NUG ဆို

Author လင်းခိုင်
Categories
Published on Dec 07, 2022

 

စစ်ကောင်စီသည် သဘာ၀ပတ်၀န်းကျင် ပျက်စီးစေသည့် စီမံကိန်းများနှင့် သယံဇာတ တူးဖော်ခြင်းများကို ပြည်သူ့ဆန္ဒမပါဘဲ ထင်တိုင်းလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ရှိ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနသည် ပြည်သူများ ဒုက္ခရောက်ချိန်ကို အခွင့်ကောင်းယူပြီး နည်းလမ်းပေါင်းစုံဖြင့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာ၀ထိန်းသိမ်းရေးနယ်မြေများဖွဲ့စည်းပြီး သစ်ထုတ်လုပ်ခြင်း လုပ်ငန်းများအပါအ၀င် အခြားသယံဇာတ ထုတ်လုပ်ရောင်းချခြင်းများကို ပြည်သူ့သဘောဆန္ဒမပါဘဲ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NLD အစိုးရလက်ထက်တွင် ခွင့်ပြုခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့သည့် ပတ်၀န်းကျင်ကို ဆိုးကျိုး သက်ရောက်စေနိုင်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ ဓာတ်သတ္တုရှာဖွေစမ်းသပ်ခြင်းနှင့် တူးဖော်ထုတ်လုပ်ခြင်းများ၊ ကျောက်မျက်ရတနာ တူးဖော်ခြင်းလုပ်ငန်းများ စသည့် လုပ်ငန်းများကို ပတ်၀န်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ စစ်ကောင်စီလက်အောက်ရှိ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက် အိမ်တွင်း စက်မှုလုပ်ငန်းများ၊ သစ်တောနယ်မြေနှင့် သစ်တောနယ်မြေပြင်ပတွင် ပုဂ္ဂလိကပိုင်သစ်တောစိုက်ခင်းများ၊ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ၊ သတ္တုရှာဖွေစမ်းသပ်တိုင်းတာခြင်း၊ တူးဖော်သန့်စင်ခြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်း၊ ပုလဲမွေးမြူထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများကို ယင်းတို့နှင့် ပတ်သက်ဆက်စပ်ရာ အဖွဲ့အစည်းများကို လွှဲပြောင်းလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုနေသည်ဟု NUG က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနမှ ၀န်ထမ်းများအနေဖြင့် စိစစ်ခြင်းမရှိဘဲ လုပ်ငန်းလိုင်စင်များ ချပေးခြင်း၊ သက်တမ်းတိုးပေးခြင်း၊ မြေအသုံးပြုခြင်းဆိုင်ရာများ ခွင့်ပြုခြင်းသည် တရားမ၀င်ကြောင်း NUG ကဆိုသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအရလည်းကောင်း၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအရလည်းကောင်း ပြစ်ဒဏ်များအတိုင်း အရေးယူသွားမည်ဖြစ်ပြီး ၊ စစ်ကောင်စီက ပေးအပ်သည့် လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်စသည်တို့သည် တရားမ၀င်သည့်အတွက် NUG သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအတိုင်း စိစစ်အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သဘာဝပတ်ဝန်းကျင် #သယံဇာတ #NUG