စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေပြီး လူနည်းစုဘာသာ၀င်များကို ပစ်မှတ်ထားကြောင်း SRMMN အစီရင်ခံတွင်ဖော်ပြ

Author လင်းခိုင်
Categories
Published on Dec 26, 2022

 

အစွန်းရောက် အကြမ်းဖက် စစ်တပ်(စစ်ကောင်စီ)သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေပြီး လူနည်းစုဘာသာ၀င်များကို ပစ်မှတ်ထားကြောင်း နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက် (SRMMN) ၏ လူနည်းစုဘာသာ၀င်များနှင့် လူနည်းစုလူမျိုးစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်းဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“လူနည်းစု ဘာသာ၀င်များနဲ့ လူနည်းစု လူမျိုးစုများအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သမိုင်းတွင် ကျန်ရစ်စေမယ့် မှတ်တမ်းတင်ထားနိုင်ရေးကို ရည်ရွယ်ပြီးတော့ ကျူးလွန်ခံရတဲ့ မိသားစုများ၊ မျက်မြင်သက်များ၊ လူးနည်းစုဘာသာ၀င်များနဲ့ လူနည်းစုလူမျိုးစုများရဲ့ ရင်တွင်းဖြစ်ခံစားချက်များကို သိရှိနားလည်း ဆန်းစစ်မှုပြုလုပ်နိုင်ဖို့ ၂၀၂၂ စက်တင်ဘာနဲ့ နို၀င်ဘာလတွေမှာ အွန်လိုင်းက တဆင့် တွေ့ဆုံမေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်” ဟု SRMMN မှ ဦးထွန်းကြည်ကပြောသည်။

ထိုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် တွေ့ရှိချက်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများအား အစွန်းရောက် အကြမ်းဖက်စစ်တပ်မှ ဆက်လက်ကျူးလွန်လျက်ရှိပြီး လူနည်းစုဘာသာ၀င်များကို ပစ်မှတ်ထားလျက် ရှိကြောင်း၊ လူနည်းစုဘာသာ၀င်များနှင့် လူမျိုးစုများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်းပြီး မည်သည့် အပြစ်ပေးအရေးယူမှုမှ ဆောင်ရွက်နိုင်ခြင်းသည် ပိုမိုကျူးလွန်နိုင်ရန် အဓိကကျသည့် အချက်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်အနေဖြင့် ယင်းတို့ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၏ သက်သေများအား ဖျောက်ဖျက်နေသည့်အတွက် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း ပြုစုထားခြင်းသည် အရေးကြီးကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ကြရာတွင် လူနည်းစုဘာသာ၀င်များနှင့် လူနည်းစု လူမျိုးစုများအတွက် သီးခြားမှတ်တမ်းတင်ပြုစုထားသည့် အချက်အလက်များအားမတွေ့ရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများအား ကာကွယ်တားဆီးရာတွင် ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ပြည်သူလူထုက မျှော်လင့်တောင့်တနေသော်လည်း မည်သည့်အချိန်တွင်ဖြစ်လာနိုင်မည်ကို မခန့်မှန်းနိုင်ကြောင်း ၊ စစ်တပ်အပေါ် အရေးယူအပြစ်ပေးခြင်းများတွင် နိုင်ငံတကာမှ ထောက်ခံအားပေးကူညီမှုများလည်း လက်တွေ့ထိရောက်မှု နည်းပါးနေကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။

နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် လက်တွေ့ထိရောက်သည့် ဗျူဟာမြောက် ပံ့ပိုးကူညီမှုများကသာ တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းမှုကို လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်မည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
ပုံစာညွှန်း- ကသာမြို့နယ် အင်းရွာရှိ ဗလီတစ်လုံးအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပုံ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြန်မာမွတ်စလင်မ်ကွန်ရက် #လူနည်းစုအခွင့်အရေး