စစ်ကောင်စီသည် လိင်အကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုအဖြစ် အသုံးပြု ကျူးလွန်နေကြောင်း NUCC ဆို

Author မွန်လေး
Categories
Published on Nov 28, 2022

 

စစ်ကောင်စီသည် လိင်အကြမ်းဖက်မှုကို စစ်လက်နက်အဖြစ် အသုံးပြုနေပြီး စစ်ရာဇ၀တ်မှုများကျူးလွန်နေကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) က နို၀င်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ပြည်တွင်းစစ် ပဋိပက္ခများ ဖြစ်တိုင်း အမျိုးသမီးများနှင့် ကလေးများကို မုဒိန်းမှုအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုကာ ယနေ့အချိန်ထိ ကင်းလွတ်ခွင့်ဖြင့် ကျူးလွန်ခွင့်ရနေသည့် အပေါ် စစ်အုပ်စုအား နိုင်ငံတကာအဖွဲ့အစည်းများမှ အရေးယူရန် NUCC ကတောင်းဆိုထားသည်။

ထို့ပြင် ရှည်လျားသည့် ပြည်တွင်း ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံဖြစ်ပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ပိုမိုများပြားလာသည့် အဓိက အကြောင်းအရင်းသည် တန်းတူရေး မရှိပဲ ဖိုဝါဒကြီးစိုးသည့် စနစ်ကျင့်သုံးခြင်းနှင့် စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ကြောင်း၊ အမျိုးသမီးများသည် မြန်မာ့ တော်လှန်ရေးတလျောက်တွင် ပါ၀င်ခဲ့ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ တစ်ရက်နေ့နောက်ပိုင်း တော်လှန်ရေးတွင်လည်း ရွပ်ရွပ်ချွံချွံပါ၀င်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် မှတ်တမ်းအရ ၂၃၂၇ ဦးကျော်သတ်ဖြတ်ခံရသည့်အနက် အမျိုးသမီး ၃၀၈ ဦးအသတ်ခံရခြင်း၊ ၁၆၄၃၂ ဦး ဖမ်းဆီးခံရသည့်အနက် အမျိုးသမီး ၃၄၃၄ ဦးပါ၀င်ကြောင်း၊ စစ်အုပ်စုသည် အရွယ်မရောက်သေးသည့် ကလေးငယ်များအပါအ၀င် အမျိုးသမီးများကို မုဒိန်းကျင့် သတ်ဖြတ်မှု ၁၂ မှုရှိခဲ့ကာ၊ သတင်းမီဒီယာများဖော်ပြချက်အရ အမျိုးသမီးများကို မုဒိန်းကျင့် မီးရှို့သတ်ဖြတ် လက်စဖျောက်သည့် အမှု ၄၀ အထက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အုပ်စုသည် အုပ်စုလိုက်မုဒိန်းကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်လက်နက်တစ်ခုအဖြစ် ဆက်လက်ကျင့်သုံးပြီး စစ်ရာဇ၀တ်မှုများ ကျူးလွန်နေသော်လည်း အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသည့် အပေါ် ပြင်းထန်စွာ ရှုတ်ချသည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် သမိုင်စဉ်ဆက် အမျိုးသမီးများကို ဖယ်ကျဉ်ထားပြီး ခွဲခြားဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ရန်အတွက် ကျူးလွန်ခံရသူများ၏ တရားမျှတမှုကို ရှေ့ရှုကာ တာ၀န်ယူမှုတာ၀န်ခံမှုရှိစေရန် ကျူးလွန်သူများကို ချက်ခြင်းခြွင်းချက်မရှိ နိုင်ငံတကာက အပြစ်ပေးအရေးယူမှုဆိုင်ရာ ယန္တရားများတွင် အရေးယူပေးရန် NUCC ကတောင်းဆိုထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUCC #လိင်အကြမ်းဖက်မှု #စစ်ရာဇဝတ်မှု