စစ်ကောင်စီသည် ဖက်ဆစ်ဝါဒ ဖြန့်ဝေမှုအား ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် ဆရာများနှင့် ပညာရေးအဖွဲ့အစည်းများကို ဖြိုခွင်းနေကြောင်း နွေဦးတက္ကသိုလ်ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 07, 2022

 

စစ်ကောင်စီသည် ဖက်ဆစ်ဝါဒ ဖြန့်ဝေမှုအား ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် ဆရာများနှင့် ပညာရေးအဖွဲ့အစည်းများကို ဖြိုခွင်းနေကြောင်း နွေဦးတက္ကသိုလ်က ယနေ့တွင် ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၃၀ ရက်တွင် ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးဖြစ်သည့် ကိုခန့်ဇင်၀င်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်းဦးနှင့် ကိုခန့်လင်းမောင်တို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့ပြီး မကြာခင်ကာလအတွင်း စီရင်သွားမည်ဟု ကြားသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းများကြောင့် နာကျည်းစိတ်ပျက်ရပြီး ကျောင်းသား ၇ ဦးနှင့် မိသားစုများကို အစဉ်အောက်မေ့လျက်၊ စစ်တပ်မှ ကျူးလွန်နေသည့် လူမဆန်သည့် လုပ်ရပ်များအား အပြင်းအထန်ရှုံချပြီး မတရားဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကိုလည်း လွှတ်ပေးရန် တောင်းဆိုကြောင်း၊ သေဒဏ်စီရင်ခြင်းကို ရှုံချကြသော ပြည်တွင်း၊ ပြည်ပ ကျောင်းသားအသိုင်းအဝိုင်းများနှင့် အဖွဲ့အစည်းများကို ကျေးဇူတင်ကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ကျောင်းသားများကို ကွပ်မျက်ခဲ့သည် ရှိသော ယင်းဖြစ်စဉ်သည် စစ်အာဏာရှင်၏ ဒုတိယအကြိမ် သေဒဏ်စီရင်ခံခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်လည်း နိုင်ငံရေးအကျဉ်းသား ၄ ဦးကွပ်မျက်ခံခဲ့ရပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အုပ်စုအနေဖြင့် ပြည်သူလူထုအား အကြမ်းဖက်ချုပ်ချယ်ခြင်း၊ ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်းများကို ရက်ရက်စက်စက်ဖြိုခွင်းခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေပြီး ယင်းတို့၏ ဖက်ဆစ်ဝါဒ ဖြန့်ဝေမှုအား ပူးပေါင်းဆောင်ရွက်ပေးခြင်းမရှိသည့် ဆရာများနှင့် ပညာရေးအဖွဲ့အစည်းများကို ပစ်မှတ်ထားလျက်ရှိကြောင်း နွေဦးတက္ကသိုလ်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်ဘက်မှ မရပ်တည်သော ကျောင်းသားများ၊ ဆရာများ၊ ပညာရေး၀န်ထမ်းများနှင့် အတူရပ်တည်သွားမည်ဖြစ်ပြီး အန္တရာယ်ရင်ဆိုင်နေရသည့် ပညာသင်များ၊ ပညာရှင်များအား နိုင်ငံတကာအသိုင်းအဝိုင်းမှ ပံ့ပိုးကူညီပေးရန် နွေဦးတက္ကသိုလ်က တောင်းဆိုထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နွေဦးတက္ကသိုလ်