စစ်ကောင်စီသည် ပြည်သူလူထုတိုင်းကို ရန်သူဟု သဘောထားနေကြောင်း ULAထုတ်ပြန်

Published on Sep 06, 2022

စစ်ကောင်စီသည် ပြည်သူလူထုတိုင်းကို ရန်သူဟု သဘောထားနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က စက်တင်ဘာ ၅ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့အထိနာသည်နှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်ကို မြန်မာပြည်နေရာအနှံ့၌ တွေ့မြင်နေရကြောင်း ULAက ဆိုသည်။

ယခုနှစ် သြဂုတ်၂၈ရက်တွင်လည်း မြောက်ဦးမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကင်းဆိပ်ရွာမှ ပြည်သူ ၃ဦးသေဆုံးပြီး ၉ဦဒဏ်ရာရခဲ့သည့် ဖြစ်စဥ်အပြင် စက်တင်ဘာ ၄ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့ပတ်ဝန်းကျင် ရှေးဟောင်းအမွေအနှစ် နန်းရာကုန်းအပါအဝင် လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ULAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် စစ်ရေး နိုင်ငံရေး စီးပွားရေး နိုင်ငံတကာနှင့် အာဆီယံအကြား သံတမန်ဆက်ဆံရေး ယိုယွင်းကျဆင်းလျက်ရှိပြီး တိုင်းပြည်ပျက်သုဥ်းမည့်အဖြစ် ဦးတည်နေကြောင်း စစ်ကောင်စီခေါင်းဆောင်များသည် သွေးရူးသွေးတန်းဖြင့် စစ်ရာဇဝတ်မှုများကို ဦးတည်စေသည့် အမိန့်ပေးခြင်းမျိုး မြန်မာနိုင်ငံအနှံ့လုပ်ဆောင်နေကာ ပြည်သူလူထုတိုင်းကို ရန်သူဟုသဘောထားကာ မလုပ်သင့်မလုပ်ထိုက်သောအလုပ်များကို အကောင်အထည်ဖော် လုပ်ဆောင်နေသည်ဟု ULAက ဆိုသည်။

ထို့ပြင် စစ်ကောင်စီသည် မြောက်ဦးစျေးကို မိုင်းရှင်းလင်းရေးလုပ်မည်ဟု အကြောင်းပြချက်ဖြင့် စျေးတစ်ခုလုံးပိတ်ခိုင်းကာ စက်တင်ဘာ ၄ရက်တွင် မြောက်ဦးစျေးအား မီးရှို့ရန် ကြံစည်သည့် သံသယဖြစ်ဖွယ်လုပ်ရပ်များကို တွေ့ရကြောင်း ULAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် တိုက်ပွဲတုများဖန်တီးပြီး လူနေအိမ်များ သမိုင်းဝင်စေတီပုထိုးများ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ရှိရာနေရာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများ စစ်ရာဇဝတ်စောင့်ကြည့်ရေးအဖွဲ့များ တာဝန်သိပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များကိုစောင့်ကြည့်ရန် ULAက ထုတ်ပြန်ထားသည်။