စစ်ကောင်စီသည်လည်း တိုင်းပြည်ကို ချစ်သည်ဟုဆိုကာ PDFများအား အပုတ်ချ ပြောဆိုခဲ့ပြီး ခံဝန်ထိုးခဲ့သူ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ပကဖတာဝန်ခံဟောင်း ဦးသက်ပိုင်စိုး ထောင်ဒဏ် ၂၀နှစ် ချမှတ်ခံရ

Author စကားဝါ
Categories
Published on Dec 29, 2023

စစ်ကောင်စီသည်လည်း တိုင်းပြည်ကိုချစ်သည် စစ်ကောင်စီအား တော်လှန်နေမှုသည် အခြားသော ပယောဂများ၏ မြှောက်ပေးခြင်းကြောင့် ဖြစ်သည်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ကောင်စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားများတွင် အပုတ်ချပြောဆိုခဲ့ပြီးနောက် ခံဝန်ထိုးကာ နေထိုင်ခဲ့သူ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ငပုတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဟောင်းတစ်ဦးလည်းဖြစ်သူ ဦးသက်ပိုင်စိုးအား စစ်ကောင်စီမှ ဖမ်းဆီးကာ ထောင်ဒဏ် ၂၀နှစ် ချမှတ်ခဲ့ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

 

၂၀၂၁ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့တွင် ဧရာဝတီတိုင်း ကျုံပျော်မြို့တွင် စစ်ကောင်စီမှ ပြုလုပ်သည့် လက်နက်ချ အလင်းဝင်ပွဲ အခမ်းအနားတွင် ဦးသက်ပိုင်စိုးမှ တက်ရောက်ကာ အလင်းဝင်ရောက်သည်ဟုဆိုပြီးနောက် လက်မှတ်ရေးထိုးကာ စစ်ကောင်စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများအား အပုတ်ချ ပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်။

 

“ပထမ မြို့နယ်ပကဖတာဝန်ခံလုပ်နေတာ၊ မိသားစုဖိအားကြောင့်ပါဆိုပြီးတော့ စကစနဲ့ပေါင်းသွားပြီးတော့ အပုတ်ချပြောဆိုတာတွေ လုပ်ခဲ့တာ သူ့ကြောင့် အဖမ်းခံခဲ့ရသူတွေလည်း ရှိတယ်”ဟု ဧရာဝတီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုဝင်တစ်ဦးက ပြောသည်။

 

ဦးသက်ပိုင်စိုးအား စစ်ကောင်စီမှ ဝါဒဖြန့်ချိရေးနေရာများတွင် အသုံးချပြီးနောက် ခြောက်လခန့်အကြာ ငပုတောမြို့မရဲစခန်းမှ အကြမ်းဖက်ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုမှုများ လုပ်ဆောင်ထားခြင်းကြောင့် အမှုဖျက်သိမ်းရန်အတွက် ဝန်ခံလက်မှတ်လာရောက်ထိုးပေးရန် ခေါ်ယူခဲ့သည်ကို ဦးသက်ပိုင်စိုးမှ သွားရောက်စဉ် ဖမ်းဆီးထားခဲ့ပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ် ၂၀နှစ်အား ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

“ဒီရက်ပိုင်းထဲပါပဲ နေ့တော့ အတိအကျမသိဘူး၊ သူ့ကို ဖမ်းပြီးတော့ စစ်နေတာကြာပြီတဲ့၊ အခု ထောင်ဒဏ် အနှစ်နှစ်ဆယ်ချလိုက်တယ်လို့ သတင်းရတယ်၊ စစ်ကောင်စီကို ယုံမှတ်ပြီးတော့ တော်လှန်ရေးကို သစ္စာဖောက်တဲ့သူတွေ သွားရာလမ်းပဲလို့ မြင်ပါတယ်”ဟု ဧရာဝတီတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုဝင်တစ်ဦးက ပြောသည်။

 

ဦးသက်ပိုင်စိုးမှ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ရုပ်မြင်သံကြားများတွင် ပြောကြားထားမှုများအား CJ Platform မှ မှတ်တမ်းတင်ထားရှိပြီး ယခု Link – https://bitly.ws/37WuT  တွင် ကြည့်ရှုနိုင်ပါသည်။