စစ်ကောင်စီလောင်းရိပ်မိနေတဲ့ စားဆီဈေးကွက်

Author ကိုထက်
Categories
Published on Nov 02, 2023

ဩဂုတ်လနှောင်းပိုင်းကစလို့ ဂယက်ထခဲ့တဲ့ စားအုန်းဆီ ဈေးနှုန်းမြင့်တက်မှုဟာ စစ်ကောင်စီလူကြီးမင်းတို့အကြိုက်တွေ့စေခဲ့ပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစပြီး ဆီဈေးကွက်တစ်ခုလုံးကိုစစ်ကောင်စီက ဆွဲထိန်းခဲ့တာ အခုဆိုရင် ၂ လကျော်ကာလထဲရောက်လာပါပြီ။

သို့ပေမယ့် စားသုံးသူပြည်သူတွေဟာ အကန့်အသတ်တွေနဲ့ ဝယ်ယူနေရဆဲဖြစ်သလို ရောင်းသူတွေဟာလည်း “ကျီးလန့်စာ” စားပြီး ရောင်းနေကြရတာဖြစ်ပါတယ်။ သူတို့ဟာ ဈေးတင်ရောင်းရင် အရေးယူမယ်ဆိုတဲ့အကန့်အသတ်နဲ့ ကြောက်ကြောက်နဲ့ရောင်းနေကြရတာပါ။

“ဆီအသင်းက ကျွန်တော်တို့ ဆိုင်နာမည်တွေ ဖုန်းနံပါတ်တွေတင်ထားတယ်။ ဝယ်သူတွေက ဆီဝယ်မရတာဖြစ်ဖြစ်၊ ဈေးပိုရောင်းတာဖြစ်ဖြစ် သူတို့ဆီလှမ်းတိုင်လို့ရတယ်ပေါ့။ လက်ရှိကတော့ သူတို့သတ်မှတ်တာက ၄၅၀၀ ကျော်ပေါ့။ အဲဒီလောက်နဲ့ပဲ ရောင်းနေပါတယ်” လို့ ဆီလက္ကားရောင်းချနေသူတစ်ဦးက ပြောပါတယ်။

ဒါကြောင့် စားအုန်းဆီဈေးကွက်ဟာ ယနေ့အထိ ယခင်လို ပုံမှန်ဝယ်ယူလို့ မရသေးတဲ့အခြေအနေပါ။

ဩဂုတ်လနှောင်းပိုင်းမှာ ဝိသမလောဘသားတို့ရဲ့စနှက်ကြောင့် စားဆီတစ်ပိဿာ ကျပ် ၁၂,၀၀၀ ကနေ ၁၃,၀၀၀ လောက်အထိ ဖြစ်ပေါ်ခဲ့တာပါ။

အဲဒါကြောင့် နေပြည်တော်မှာ အစည်းအဝေးသွားတက်တဲ့ မြန်မာနိုင်ငံက ဆီလုပ်ငန်းရှင်ကြီးတွေ စစ်ကောင်စီလက်အောက်ခံ စုံစမ်းစစ်ဆေးရေးဌာန(စသုံးလုံး)ရဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရပါတယ်။

ဒီဂယက်နဲ့ ဆက်နွယ်ခဲ့တာကတော့ စစ်ခေါင်းဆောင်ဟာ သူ့လူယုံတစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စားအုန်းဆီ ဆီတင်သွင်းခွင့် ပြုတဲ့ကိစ္စမှာ ဒေါ်လာတွေလာဘ်စားတာအပါအဝင် လာဘ်စားမှုတွေနဲ့ ရာထူးက‌နေဖြုတ်ချပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့တဲ့အထိပါပဲ။

စက်တင်ဘာတစ်လလုံးနဲ့ အောက်တိုဘာလအစောပိုင်းကာလတွေမှာ အခြေခံလူတန်းစားများဟာ မိုးမလင်းခင်ကတည်းက လမ်းမတွေထက် ဆီတိုးခဲ့ကြရပါတယ်။

ရန်ကုန်မြို့က လမ်းမတွေထက်မှာ ဆီရဖို့စောင့်နေတဲ့ လူတန်းရှည်ကြီးတွေကို လူအများတွေ့မြင်ခဲ့ကြရပါတယ်။

“အဲဒီကာလတွေတုန်းကဆိုရင် မိုးလင်းတာနဲ့ကြားရတဲ့အသံက ဆီတိုးတဲ့အကြောင်းတွေချည်းပဲ” ဟု ရန်ကုန် ဆင်ခြေဖုန်းမြိုနယ်တစ်ခုက မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီလောက်ထိ ဂယက်ထခဲ့တဲ့ စားအုန်းဆီဈေးနှုန်းမြင့်တက်မှုဟာ အခုတော့ ငြိမ်သက်လို့နေပါပြီ။ ဒါပေမဲ့ ကောင်းမွန်တဲ့ ငြိမ်သက်ခြင်းနဲ့တော့ မဟုတ်ပါဘူး။ လက်မည်းကြီးတွေရဲ့ ထိန်းချုပ်မှုကြောင့်ပါ။

ဘယ်အချိန် လက်လွတ်ပြီး အဆိုးကျော့သံသရာထဲ ဝဲလည်ဦးမလဲမသိပေ။

လက်ရှိ ရွှေပြည်သာမြို့ဘက်မှာဆိုရင် စားအုန်းဆီဝယ်ယူခွင့် ကတ်တွေကို အိမ်ထောင်စုအလိုက်ထုတ်ပေးလို့နေပါတယ်။ အဲဒီတစ်ကတ်ဟာ စားအုန်းဆီ ၅၀ ကျပ်သား ဝယ်ယူခွင့်ရှိပါတယ်။

“အဲဒီကတ်ကို ကိုယ်တိုင်သွားမတိုးဘဲ ရောင်းမယ်ဆိုရင် တစ်ကတ်ကို ၅၀၀ ကျပ်ရတယ်။ ကိုယ်တိုင်သွားတိုးပြီး ပြန်ရောင်း ကြတာလည်း ရှိတယ်။ အမြတ်တော့ ကွာတာပေါ့” လို့ ရွှေပြည်သာမြို့ခံတစ်ဦးက ပြောသည်။

ရန်ကုန်မှာ အောက်တိုဘာလ တတိယပတ်လောက်ကစတင်ပြီး ဆီတန်းစီဝယ်ယူသူတွေသိသိသာသာလျော့နည်းလာခဲ့တာကို တွေ့မြင်ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

“ကျမတို့က အရင်ကလို ကိုယ်တိုင်သွားမတိုးတော့ဘူး။ တိုးပေးနေကျ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ကိုပဲ မုန့်ဖိုးပေးပြီး တိုးခိုင်းလိုက်တယ်လေ။ တခြားသူတွေလည်း အဲဒီလိုပဲ လုပ်လာကြတယ်” လို့ အထက်က အမျိုးသမီးက ပြောပြပါတယ်။

အစပိုင်းမှာ ဆီမရမှာ စိုးရိမ်ကြတဲ့ စိတ်၊ ဆီရောင်းပေးမယ့်နေရာကို မသိရှိခြင်း စတဲ့အချက်တွေကြောင့် လူတွေဟာ အလုပ်အယက်ဖြစ်ခဲ့ကြတာပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်းစိန်မြို့နယ်က အိမ်ရှင်မတစ်ဦးက အခုလိုပြောပါတယ်။

“အရင်လတွေတုန်းကလိုတော့ ဘယ်နေရာကရောင်းပေးမှန်းမသိတာ မဟုတ်တော့ပါဘူး။ ဘယ်နေရာ ဘယ်ဆိုင်မှာ ရောင်းပေးတယ်ဆိုတာ သိရတော့ အလုအယက်တန်းစီဝယ်ယူရတာမျိုးမရှိတော့ဘူး” လို့ ပြောပြပါတယ်။

သို့သော်လည်း ဆီလိုအပ်ချက်ရှိနေတဲ့ ပြည်သူတွေဟာ သတ်မှတ်ရောင်းချပေးနေတဲ့ နေရာတွေမှာ တန်းစီဝယ်ယူနေရဆဲပါပဲ။

“လက်လီဆိုင်တွေမှာတော့ ဝယ်မရသေးဘူး။ အန်တီတို့ကလည်း တစ်ခါဝယ် ၁ ပိသာပဲဝယ်လိုက်တယ်။ သူတို့သတ်မှတ်တဲ့ဈေး ၅၀၀၀ နဲ့ပေါ့။ လက်လီဆိုင်တွေမှာတော့ အရင်လို တစ်ဆယ်သား၊ နှစ်ဆယ်သားဆီတော့ ဝယ်မရသေးဘူး” လို့ အင်းစိန်က အမျိုးသမီးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လက စလို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းက သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ အရောင်းဆိုင်တွေဆီ တစ်ဦးကို တစ်ခါဝယ်ပါက ဆီ ၃ ပေပါ ချပေးပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းချစေခဲ့ပါတယ်။

“ကျွန်တော်တို့ကို တစ်ခါယူရင် ၃ ပေပါဆီပေါ့။ လိုသလောက်မရဘူး။ ပြန်ရောင်းရင်လည်း တန်းစီစနစ်ပဲပေါ့။ ပြီးခဲ့တဲ့လပြည့်နေ့တုန်းကတော့ ဆီကန်ပိတ်လို့ဆိုပြီး ဆီမရတာတွေရှိခဲ့တယ်ပေါ့” လို့ လှိုင်သာယာမြို့နယ်က လက္ကားကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မှာ စားအုန်းဆီတန်းစီဝယ်ယူရမှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကပါ။ နှစ်လကျော်ကြာလာပေမယ့် စားသုံးသူရော၊ ရောင်းချသူတွေရောဟာ လက်ဝေခံစနစ်နဲ့သာ ရောင့်ရဲနေရဆဲပါပဲ။

ဒီလို စစ်ကောင်စီထိန်းချုပ်ခြင်းခံထားရတဲ့ စားဆီဈေးကွက်ဟာ လောင်းရိပ်မိနေတဲ့ သစ်ပင်လို ကြီးထွားသင့်သလောက် မကြီးထွားဘဲ အရိပ်မည်းကြီးတွေရဲ့ ထိန်းချုပ်မှုကို ခံနေရဆဲဖြစ်ပါတယ်။