စစ်ကောင်စီလက်အောက်ခံများ အပြင်ထွက်ပြီး ဘောပွဲကြည့်ရင်း အပစ်ခံရပါက ကိုယ့်အသုဘကိုယ်ချရမည်ဟုဆို

Author အောင်နိူင်သူ
Categories
Published on Oct 12, 2022

စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့မှ စစ်သားနဲ့ရဲများ အပြင်ထွက်၍ဘောလုံးပွဲမကြည့်ရန်နှင့် တားမြစ်ထားသည့် အမိန့်ကို ဖီဆန်၍ သွားကြည့်၍ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပါက မိမိစရိတ်ဖြင့်မိမိ အသုဘချရမည်ဟု ညွှန်ကြားထားကြောင်း နေပြည်တော်အသိုင်းအဝိုင်းက သိရသည်။

ဘောလုံးပွဲသွားကြည့်ရင်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သားအချို့နှင့် ရဲအရာရှိအချို့ သေဆုံးပြီးနောက် တပ်ရင်း၊တပ်ဖွဲ့များတွင် လျှို့ဝှက်ညွန်ကြားထားသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တပ်ထဲမှာ မန်ယူဘောလုံးပွဲနေ့က ရန်ဖြစ်ကြတယ် ရှေတန်းကပြန်လာတဲ့ စစ်သည်တွေနဲ့ နောက်တန်းက စစ်သည်တွေဖြစ်တာ မန်စီးတီးနဲ့ ပွဲနေ့မှာ မန်ယူအားပေးနေတဲ့ သူတွေကို သွားစတယ် အားလုံးခြောက်ယောက် အချုပ်ထဲရောက်ကုန်တယ်”ဟုပြောသည်။

ကျိုက်ထိုမြို့နယ်ရှိ တပ်မ ၄၄ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပြီးခဲ့သည့်ရက်ပိုင်းက အပြင်ထွက်၍ ဘောလုံးပွဲကြည့်ရာ အပြန်တွင် ဗုံးပေါက်၍ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ပြီးနောက် တပ်တွင်းညွှန်ကြားမိန့်များထွက်လာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အများစုက မန်ယူဖန် အာကြီးဖန်တွေချည်းပဲ အရင်ကမြို့ထဲလာလို့မရဘူး အာဏာသိမ်းပြီးနောက်မှာ ကင်းကိုအကြောင်းပြပြီး လာကြည့်ကြတာ အပြန်ပစ်ခတ်မှုတွေဖြစ်လို့ သေတာတွေရှိတယ်”ဟု ရှင်းပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ညပိုင်းက အာဆင်နယ်နှင့်လီဗာပူးလ် ပွဲကိုရုပ်ဖျက်ပြီး သွားကြည့်သည့် ဝမ်းတွင်းမြို့ မြို့မရဲ့စခန်းမှ စခန်းမှူးရဲအုပ်တစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေသွားသည့် ကိစ္စကြောင့်လည်း ရဲတပ်ဖွဲ့အတွင်း ညွန်ကြားထားသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ကိုယ့်အသက် ကိုယ်မသနားလို့ သွားကြည့်လို့ PDF က ပစ်သတ်ရင် မန်ယူတို့ အာကြီးတို့ လီပါဗူးတို့ လာကယ်ခိုင်းလို့ မရဘူး သေရင်တော့ ကိုယ့်ဘာသာအသေခံလို့ ရဲမှူးကပြောတယ်”ဟု ပြောသည်။

စစ်တပ်က အာဏာမသိမ်းခင်က တပ်ရင်း၊တပ်ဖွဲ့များတွင် အခြားအဆင့်များမှာ ညဘက်တွင် တပ်ပြင်ပကို ထွက်ခွင့်မရှိသော်လည်း အာဏာသိမ်းပြီးနောက် လုံခြုံရေးအကြောင်းပြကာ အပြင်ထွက်၍ ဘောလုံးကြည့်ရင်း PDF များ၏ပစ်ခတ်တိုက်ခိုက်မှု့ကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများ၍ တပ်တွင်းအမိန့်ကို ထုတ်ပြန်ရတာဖြစ်သည်ဟု စစ်မှုထမ်းဟောင်းအချို့ဆီက သိရသည်။