စစ်ကောင်စီလက်ထက် လူကြီးခရီးစဉ်များတွင် လမ်းဘေးတလျှောက် စျေးဆိုင်များကို ဖျက်သိမ်းခိုင်းသည့် ဓလေ့ ပြန်လည်ဖြစ်ထွန်းလာ

Author ခေတ်နီ
Categories
Published on Nov 28, 2022

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လူကြီးခရီးစဉ်များတွင် လမ်းမဘေးတစ်လျှောက်ရှိ စျေးဆိုင်များကို စည်ပင်မှ လိုက်လံဖျက်သိမ်းခိုင်းသည့် ဓလေ့ ပြန်လည်ဖြစ်ထွန်းလာခဲ့ပြီး အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

အာဏာရှင် အဆက်ဆက်တွင် လူကြီးလမ်းကြောင်းများ သွားလာရာ လမ်းတလျှောက်တွင် လမ်းရေဆေးခြင်း၊ လမ်းဘေးဝဲယာ သစ်ပင်များ ဆေးသုတ်ခြင်းနှင့် လမ်းဘေးစျေးဆိုင်များကို ဖျက်သိမ်းခိုင်းဖြင်းများ လုပ်ဆောင်သည့် ဓလေ့ ရှိခဲ့သော်လည်း ဒီမိုကရေစီအစိုးရလက်ထက်ဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြည်သူများ၏ မြေပြင်လက်ရှိ ဘဝများကို ပကတိအတိုင်း မြင်တွေ့စေရန်နှင့် ပြည်သူများ အခက်အခဲမဖြစ်စေရန် ယင်းဓလေ့ကို ဖျက်သိမ်းခဲ့သည်။

ရန်ကုန်မြို့ကဲ့သို့ နေရာတွင်ပင် နိုဝင်ဘာလ ၂၇ရက်နေ့မှ စတင်ကာ တောင်ဒဂုံမြို့နယ် အမှတ် ၂ လမ်းမကြီးဘေးရှိ စျေးဆိုင်ခန်းများကို လူကြီးလမ်းကြောင်း လာရောက်ရှိသည်ဟုဆိုကာ စည်ပင်ဝန်ထမ်းများမှ လာရောက်ကာ ဖျက်သိမ်းသွားခဲ့ကြောင်း သိရသည်။

နယ်မြို့များတွင်မူ စစ်ကောင်စီမှ နေအိမ်များအား ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်သဖြင့် ခြံဝင်းများရှေ့ရှိ မြက်များ အမှိုက်များအား ရှင်းလင်းခိုင်းခြင်း ခြံစည်ရိုး ဆေးသုတ်ခိုင်းခြင်းများကို အမိန့်အာဏာ ပြကာ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

“ခြံရှေ့က အမှိုက်တွေ မြက်တွေဆိုတာ စည်ပင်က ရှင်းရမှာလေ၊ ဒီအတွက် အခွန်ဆိုတာ ဆောင်ထားပြီးသား၊ အမေစု လက်ထက်တုန်းက စည်ပင်ကပဲ ရှင်းတာ၊ ခြံဆေးသုတ်တာကလဲ ဘယ်သူမဆို ကိုယ်ခြံလှစေချင်တာပဲ ပိုက်ဆံရှိရင် သုတ်မယ် မရှိရင် မသုတ်ဘူးပေါ့၊ အခုက ဘယ်နေ့အပြီးလုပ်ရမယ်ဆိုပြီးတော့ကို အမိန့်နဲ့လုပ်တာ”ဟု ဧရာဝတီတိုင်း မအူပင်မြို့နယ် ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မဲစာရင်းမှားယွင်းမှုများကြောင့် အာဏာထိန်းရသည်ဟု အကြောင်းပြကာ အာဏာသိမ်းယူခဲ့ပြီးနောက် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေသည့် မြန်မာနိုင်ငံအား ယခင် စစ်ခေါင်းဆောင်များနည်းတူ အာဏာရှင်နိုင်ငံအဖြစ်သို့ ပြန်လည် အသက်သွင်းနေလျှက် ရှိနေသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လမ်းဘေးစျေးသည် #ဆိုင်ခန်းများဖျက်သိမ်း