“စစ်ကောင်စီရဲ့ အမျိုးမျိုးအကြောင်းပြ ငွေတောင်းခံခြင်းကို ခံနေရတဲ့ ပြည်သူတွေရဲ့ တီးတိုးသံ”

Author သတင်းအဖွဲ့
Categories
Published on Nov 12, 2023

နိုင်ငံအနှံ့မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ကို ခုခံနေရတဲ့ စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်ထားနိုင်ဆဲ မြို့တွေမှာ ပြည်သူတွေကို ဖိနှိပ်ငွေတောင်းခံမှုတွေ ပိုမိုလုပ်ဆောင်နေခဲ့ပါတယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးပြီး ဖိနပ်စီးမလာသူကိုတောင် ဖိနပ်မစီးလို့ ဒဏ်ရိုက်တယ်ဆိုတာ သွားခါနီး ရိက္ခာယူနေကြတာလို့ ပြည်သူတွေက ဆိုပါတယ်။ ဒီတစ်ပတ်ရဲ့ တီးတိုးသံကဏ္ဍမှာတော့ စစ်ကောင်စီရဲ့ အကြောင်းမဲ့ ငွေတောင်းခံခြင်းကို ကြုံတွေ့ခဲ့ရတဲ့ ဧရာဝတီတိုင်း ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို ဖော်ပြပေးလိုက်ပါတယ်။

****************************************

 

“ဖိနပ်မစီးလာလို့ ငါးထောင်ပေးရမယ်တဲ့ဗျာ၊ အင်းထဲငါးဖမ်းတာ ဖိနပ်စီးလို့ရမလား”

 

မအူပင်မြို့မှ ပြည်သူတစ်ဦးရဲ့ တီးတိုးသံ။

 

ကျနော်က အင်းထဲမှာ ငါးဖမ်းပြီးတော့ ပြန်လာတာ၊ ရေလဲနားမှာ သူတို့နဲ့တွေ့တယ် ဖိနပ်ကပါပါတယ် ဆိုင်ကယ်မှာ ချိတ်ထားတာပါ၊ ဒါကို ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းလို့ဆိုပြီးတော့ ဒဏ်ငွေ ငါးထောင်တောင်းတယ်၊ ဖိနပ်မစီးလာလို့ ငါးထောင်ပေးရမယ်တဲ့ဗျာ၊ အင်းထဲငါးဖမ်းတာ ဖိနပ်စီးလို့ရမလား၊ သေခါနီး ရိက္ခာယူနေကြတဲ့ ကောင်တွေ။

****************************************

 

“လိုင်စင်မှာက ယောင်္ကျားအမည်လေ နင်က အခြောက်မဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောပြီး ဖမ်းတာ”

 

ပုသိမ်မြို့မှ LGBT တစ်ဦးရဲ့ တီးတိုးသံ။

 

မုန့်သွားစားပြီးတော့ ပြန်လာတာ လမ်းမှာ စစ်ဆေးရေးအဖွဲ့က တားတော့ ရပ်ပေးလိုက်တာပေါ့၊ လိုင်စင်တွေရော ဦးထုတ်ရော ဘက်မှန်ရော အကုန်စုံတယ်လေ၊ အဲ့ဒါကို ဂါဝန်ဝတ်ပြီး ဆိုင်ကယ်မောင်းမိတာ သူတို့က ဖမ်းပြီး အခြောက်မ ဘာညာနဲ့ဆဲတယ်၊ လိုင်စင်လည်းပါတော့ နင့်လိုင်စင်က ယောင်္ကျားလိုင်စင် နင်က ဘာကောင်မလည်း ဆွဲချွတ်ပြီး — (လိင်မှုကိစ္စစောက်ကားသည့် စကားရပ်) လွှတ်လိုက်ရမလားတွေရော ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်၊ ငိုမိတော့ ထပ်ဆဲခံရတယ် ပိုက်ဆံသုံးသောင်းတောင်းတော့ ပေးခဲ့ရတယ်၊ လိင်စိတ်ခံယူချက်ကို လူတွေအများကြီးရှေ့မှာ သူတို့က စော်ကားခဲ့တာ၊ သူတို့အနားကပ်လာတာနဲ့ အရက်နံတွေကလည်း နံဟောင်နေတာပဲ။

****************************************

 

“ဆိုင်ကယ် လေပေါင်မပြည့်လို့ ဖမ်းတာတဲ့ တစ်သောင်းခွဲ တောင်းတယ်”

 

မြောင်းမြမြို့မှ ပြည်သူတစ်ဦး၏ တီးတိုးသံ။

 

ဆိုင်ကယ်မှာ အစုံရှိတယ် ကျနော့်မှာ လိုင်စင်လည်းရှိတယ်၊ အဲ့ဒါကို ရှေ့ဘီး လေပေါင်ချိန်တာ မပြည့်လို့ဆိုပြီးတော့ ဖမ်းပြီးတော့ တရားရုံးသွားရမယ် ဆိုပြီး တစ်သောင်းခွဲ ဒဏ်ကြေးဆောင်ခိုင်းတယ်၊ တရားရုံးရောက်မှ ပိုတွေ့ရတာက အတွင်းခံအင်္ကျီမဝတ်လာလို့ အဖမ်းခံရတဲ့ အမျိုးသမီးတွေရော၊ စက်ဘီးစီးတာ ဘောင်းဘီတိုနဲ့ စီးမိလို့ အဖမ်းခံရသူရော၊ ဘာပုဒ်မလို့ ပြောရမလဲမသိတာတွေနဲ့ ဖမ်းပြီးတော့ မိုက်ရိုင်းနေတာ သူတို့တွေ။

****************************************

 

“ပိုက်ဆံမပေးလို့ကတော့ အရစ်ခံရပြီပဲ အစ္စလမ်ဘာသာဝင်တွေဆိုရင် ပိုရစ်တယ်”

 

ညောင်တုန်းမြို့မှ အမျိုးသမီးတစ်ဦး၏ တီးတိုးသံ။

 

ဆိုင်ကယ်တွေဖမ်းတာကတော့ နေ့တိုင်းပါပဲ ဦးထုတ်မပါလဲဖမ်း ပါလဲဖမ်း နောက်ဆုံး အကုန်စုံနေရင်တောင် လေပေါင်မပြည့်လို့ မီးမလင်းလို့ဆိုပြီး ဖမ်းတာပဲ မရှိရှိတဲ့ပြစ်ချက်တွေနဲ့ဖမ်းတာ တစ်စီးကို အနည်းဆုံးသုံးသောင်းပဲ၊ ပိုဆိုးတာက ကဇန်းလမ်းဆုံ ( ရန်ကုန်-ပုသိမ်လမ်းမကြီး မအူပင်လမ်းခွဲ)ပဲ သေသေချာချာကို ဒီဖက်ကလူက ဘာလာတယ် ဆိုပီးစက်နဲ့ပေါက် ဟိုဘက်ကလူကဖမ်း လုပ်စားဂွင်ကိုဖြစ်လို့ လိုင်းကား၊ ကုန်ကား၊ လူတင်လာတဲ့ လိုက်ထရတ်ကား၊ ကုန်တင်လာတဲ့ လိုက်ထရတ်ကား အကုန်ပါပဲ အိမ်စီးကားပဲ လွတ်တာ။

 

ပန်တိုင်ဂိတ်ဆို သုံးခုဖြတ်ရတယ် အိမ်စီးကားကလွဲလို့ ကျန်တာတွေ ပိုက်ဆံပေး ဖြတ်ကြတာ ပြောရရင် သုံးဂိတ်ရှိတော့ သုံးခါပေးဖြတ်ရတာပေါ့၊ ကားသမားတွေက အဆင်ပြေရင်ပီးရော စကားမပြောရလေ ကောင်းလေပဲ ပေးဖြတ်ကြတာပဲ မပေးလို့ကတော့ အရစ်ခံရတာ အစ္စလမ်ဘာသာဝင်တွေဆို ပိုအရစ်ခံရတယ်။

 

မြို့ထဲမှာတော့ အရင်က သိပ်မဖမ်းဘူး အခုတော့ဖမ်းတယ်။ တိုင်းရုံးက တစ်နေ့ ၁၀ စီးဖမ်းရမယ်လို့ ညွှန်ကြားချက်ရှိတယ်လို့ ကြားတယ် သူတို့က တစ်နေ့ကို ၃၀၊၄၀ လောက်ဖမ်းတယ်လေ အပေါ်နဲ့အောက်က ညီနေတာပဲ သူ့လဲပေး ကိုယ်လဲရပေါ့ လုပ်စားနေကြတာ။ ကျမအသိ ရဲတစ်ယောက်ဆို တစ်ပတ်တစ်ပတ် လေးငါးသိန်း အနဲဆုံးရတာ ခု‌တော့ သွားရလာရ မျက်စိရှင်ရှင်ထားရတယ် အရင်က ဂိတ်တွေနည်းတယ် အာဏာသိမ်းပြီးမှ ဂိတ်တွေတိုးလားပြီး လုပ်စားကြတာလေ ဘယ်သူ့မှလဲ မအော်ရဲတော့ ပိုပြီးရဲတင်းလာတာပေါ့။