စစ်ကောင်စီရောင်းချသည့် ရွှေဝယ်ရန် လာရောက်သူ၏ ငွေအိတ်အား လုယူခဲ့သည့် Mytel ဝန်ထမ်းအား ဖမ်းမိ

Author မေ
Categories
Published on Nov 25, 2022

မန္တလေးမြို့၌ ရွှေဝယ်ရန် ငွေကျပ် ၁၈၂ သိန်းအား အိတ်တစ်လုံးအတွင်း ထည့်၍ ယူဆောင်လာသူ အမျိုးသမီး၏ အိတ်အား ကူသယ်ပေးမည်ဆိုကာ ယူဆောင်သွားသူနှင့် ပူးပေါင်းကြံစည်သူတို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှာ နောင်ချိုမြို့၌ နေထိုင်သော မအေးမြတ်မွန်ဆိုသည့် အမျိုးသမီးမှာ ရွှေဝယ်ယူရန် မန္တလေးမြို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရုံးခွဲသို့ ငွေကျပ် ၁၈၂သိန်း ထည့်ထားသော ကျောပိုးအိတ်နှင့်အတူ နိုဝင်ဘာ ၁၄ ရက်နေ့က သွားရောက်ခဲ့သည်။ ထိုရုံးသို့ အရောက် Mytel ကုမ္ပဏီမှ လုံခြုံရေး ဝန်ထမ်းတစ်ဦးမှ ငွေထည့်ထားသော အိတ်အား ကူသယ်ပေးမည်ဆိုကာ အိတ်အား ယူဆောင် ထွက်ပြေးသွားခဲ့သည်။

အိတ်ပိုင်ရှင် အမျိုးသမီးမှ အကူအညီတောင်းခံမှုအရ အိတ်အား ယူဆောင်သွားသူ၏ မိသားစုမှ သိရှိပြီး ရဲစခန်းသို့ အကြောင်းကြားရာမှ အိတ်အား ယူဆောင်သွားသူနှင့် ပူးပေါင်းကြံစည်သူတို့ နှစ်ဦးအား နိုဝင်ဘာ ၂၄ရက်က ဖမ်းဆီးရမိကြောင်း သိရသည်။

” အိတ်ယူသွားတဲ့ ကောင်လေးရော။ ပူးပေါင်းကြံစည်ပြီး ခိုင်းစေသူရောကို စခန်းမှာ မိထားပါပြီ။ ငွေတွေတော့ ပြန်မရသေးဘူး။ “ဟု ပျောက်ဆုံးသွားသော အိတ်ပိုင်ရှင် မအေးမြတ်မွန်က ပြောသည်။

ဖမ်းဆီးရမိသူများနှင့် အတူ ငွေသားအား စစ်ဆေးရာ ပျောက်ဆုံးငွေသား ၁၈၂ သိန်းအနက် ၁၃၅သိန်းသာ ပြန်တွေ့ခဲ့ပြီး ကျန်ရှိသော ပျောက်ဆုံးငွေသားများအတွက် သက်ဆိုင်ရာ စခန်းမှ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေးမြို့ #ရွှေ #Mytel