စစ်ကောင်စီမှ UG များထံ အလှူငွေလှူဒါန်းပြီး အတွင်းသတင်း ထောက်လှမ်းမှုများ ပြုလုပ်နေ

Author လင်းခိုင်
Categories
Published on Feb 10, 2023

 

စစ်ကောင်စီမှ UG များထံ အလှူငွေလှူဒါန်းပြီး အတွင်းသတင်း ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း ရန်ကုန် UG များထံမှ စုံစမ်း သိရှိရသည်။

စစ်ကောင်စီသည် တော်လှန်ရေး လူမှုကွန်ယက်စာမျက်နှာများကို အကောင့်အတုများဖြင့် ဆက်သွယ်ပြီး အလှူငွေများ လှူဒါန်းမည်ဟု ပြောဆိုကာ နေရပ်လိပ်စာများကို မေးမြန်းဆောင်ရွက်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့ကို လူတစ်ယောက်က ငါးထောင်လာလှူတယ်။ ပြီးတော့ ဘယ်မှာနေလဲ ဘာလဲတွေမေးတယ်။ ကျွန်တော်တို့က တည်နေရာတွေမဖြေတော့ မင်းတို့အဖွဲ့ကို မြေလှန်မယ်ဆိုပြီး ပြန်ခြိမ်းခြောက်တယ်။ သူက MEC မှာလုပ်နေတယ်ဆိုတာကို သူကိုယ်တိုင်ပြောတယ်” ဟု ရန်ကုန်မြို့ပြပြောက်ကျားအထူးတပ်မှ တပ်မှူး ဗိုလ်နွေဦးက CJ Platform သို့ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီသည် မြေအောက်တော်လှန်ရေးအဖွဲ့များကို ဖမ်းဆီးနိုင်ရန် UG အဖွဲ့များတွင် ယင်းတို့၏ လူများကို ထည့်သွင်းထားပြီး စစ်ကောင်စီအရာရှိကြီးအချို့သည် အတုအယောင် တော်လှန်ရေး UG အဖွဲ့ခေါင်းဆောင်များအဖြစ် အသွင်ယူထားကြောင်းလည်းသိရသည်။

“ဇန်နဝါရီ လတုန်းက အမြန်လမ်းမှာ ပစ်ခတ်ခံလိုက်ရတဲ့ စစ်တပ်ထောက်လှမ်းရေး ဗိုလ်မှူးသန်းထွဋ် ဆိုရင် UG အနေနဲ့ လုပ်ဆောင်ခဲ့တာ၊ သတင်းရလို့ သူ့ကိုမြှားပြီး ရှင်းလင်းခဲ့တာ၊ အခုနောက်ပိုင်း မြေအောက်တော်လှန်ရေးလုပ်ရတာ အစစအရာရာသတိထားရတယ်။ လက်နက်ပစ္စည်းကအစ သယ်ဆောင်ဖို့တွေ၊ မစ်ရှင်ဖော်ဖို့တွေကို အရင်ထဲက တူတူလက်တွဲ လုပ်ဆောင်ခဲ့တဲ့သူမဟုတ်ရင် မယုံရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ရန်ကုန် မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက CJ Platform သို့ပြောကြားသည်။

ယခုကဲ့သို့ မြေပြင်တော်လှန်ရေးအဖွဲ့များကို လူမှုကွန်ယက်စာမျက်နှာများမှ တဆင့် သတင်းထောက်လှမ်းခြင်းများ ခံနေရသည့်အတွက် တော်လှန်ရေးအဖွဲ့များအနေဖြင့် သတိပြုနေထိုင်ရန် ဗိုလ်နွေဦးက ဆက်လက်ပြောကြားသည်။

“အခုကျွန်တော်တို့ ထောက်ပို့ရဲ့ wave account မှာသုံးထားတဲ့ sim card ကိုဖြုတ်ထားတယ်။ အခြား UG တွေကော လှူဒါန်းနေတဲ့ ပြည်သူတွေရော သတိထားစေချင်တယ်” ဟု ဗိုလ်နွေဦးက ဆိုသည်။

မြေအောက်တော်လှန်ရေးအဖွဲ့အစည်းများကို စစ်ကောင်စီဘက်မှ ထောက်လှမ်းမှုများပြုလုပ်နေသကဲ့သို့ အချို့သောသူများသည် တော်လှန်ရေးအဖွဲ့အစည်းအယောင်ဆောင်ကာ ဖေ့ဘွတ်အကောင့်များဖွင့်လှစ်ကာ တိုက်ပွဲအတုများဖန်တီးပြီး ပြည်သူများထံမှ ငွေလှူဒါန်းမှုကို လိမ်ညာ ယူဆောင်သည်ဖြစ်စဉ်များလည်းရှိသည်။

ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်တွင် ဇန်နဝါရီ ၁၇ ရက် အမှတ် ၁ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်၏ အသွင်ယူဖမ်းဆီးမှုဆိုင်ရာ အစီရင်ခံစာတွင် စစ်ထောက်လှမ်းရေးအရာရှိနှင့် တပ်ဖွဲ့ဝင် များသည် UG အဖြစ်အယောင်ဆောင်ပြီး တော်လှန်ရေးကွန်ရက်များနှင့် ချိတ်ဆက်မှု အခြေအနေများလည်း ရှိနေသည်ဟု ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် ဖမ်းဆီးရမိထားသည့် တော်လှန်ရေးရဲဘော်များ၏ သတင်းများအား သတင်းအမှောင်ချကာ ၎င်းတို့၏ လက်ကိုင်ဖုန်းများ ဆိုရှယ်မီဒီယာအကောင့်များမှ တဆင့် အသွင်ယူထောက်လှမ်းမှုများလဲ လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင်လည်း မြေအောက်လျှောက်စီးပြောက်ကျားတပ်ဖွဲ့အမည်ဖြင့် လူမှုကွန်ယက်စာမျက်နှာတွင် တိုက်ပွဲအတုများ၊ သတင်းအတုများဖန်တီးပြီး ငွေအလှူခံနေမှုများကိုလည်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ထုတ်ခဲ့သေးသည်။

Photo – AFP

ပုံစာညွှန်း – ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ်များအား မြင်ရပုံ ပုံအဟောင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #UG #အသွင်ယူထောက်လှမ်းမှု