စစ်ကောင်စီမှ KIA ဌာနချုပ်ကိုပစ်သည့် ​ကျည်လွဲပြီး တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲ

Author ခေတ်နီ
Categories
Published on Nov 04, 2023

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIA ဌာနချုပ်ထံ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့ ပစ်မှတ်လွဲပြီး တရုတ်နိုင်ငံထဲကို ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ စစ်ကောင်စီတပ်၏ ခရာဘွမ်တပ်စခန်းမှ ၁၂၀ မမလက်နက်ကြီးများဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကိုပစ်ခတ်နေခြင်းဖြစ်သည်။

“တမနက်စာလုံးပစ်နေတာ။ ဆယ်လုံးကျော်ပြီ။ ဒီအတိုင်းပစ်တာပေါ့။ ၁၂၀ တွေနဲ့” ဟု လိုင်ဇာဒေသခံတစ်ဦးက ဆိုသည်။

ထိုပစ်ခတ်မှုများအတွင်း လူထိခိုက်သေဆုံးမှုများရှိနေကြောင်းသတင်းများလည်းထွက်ပေါ်နေပြီး CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ရန်ကြိုးစားဆဲဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က စစ်တပ်ထိန်းချုပ်ခံ မီဒီယာများမှတစ်ဆင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့အပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကို တန်ပြန်ထိုးစစ်ဆင်မည်ဟုပြောကြားခဲ့ပြီးနောက် KiA စစ်ဌာနချုပ်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။