စစ်ကောင်စီမှ ရမ်းသမ်း ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရ

Author မွန်လေး
Categories
Published on Oct 08, 2022

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာသို့ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၅ရက် ညနေ ၂နာရီ ၅ မိနစ်တွင် ကျေးရွာအတွင်းသို့ ၆၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။

သိမ်ဇရပ်မှ စစ်ကောင်စီ အမြှောက်တပ်ပစ်ခတ်မှုကြောင့် အသက် ၃၁နှစ်အရွယ် မမာလာ၀င်း၏ မေးရိုးနှင့် ညာဖက်ပေါင်ကို လက်နက်ကြီးစ ထိမှန်ခဲ့ခြင်း ဖြစ်သည်။

“ လက်နက်ကြီးကျည်က အိမ်နဲ့ ၁၅ပေအကွာကို ကျတာ၊ အိမ်နောက်ဖေးမှာ ပန်းကန်ဆေးနေတဲ့ မမာလာ၀င်းကိုထိသွားတာ၊ ဆေးရုံမှာခွဲထုတ်လိုက်ရတယ်” ဟု အမည်မဖော်လိုသူ သုံးခွကျေးရွာသားက ပြောကြားခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများအား မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း KNU ကဆိုသည်။
ဓာတ်ပုံ- Google
ပုံစာညွှန်း – စစ်ကောင်စီ၏ အမြှောက်တပ်ကို မြင်ရပုံ ပုံအဟောင်း