စစ်ကောင်စီမှ ထောက်ပံ့ထားသည့် ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက်ဆိုသူ ပြည်သူ့စစ်တစ်ဦး အပစ်ခံရပြီးသေ

Author အောင်နိူင်သူ
Categories
Published on Sep 25, 2022

စစ်ကောင်စီမှ ငွေကြေးစိုက်ထုတ်ပေးကာ တည်ထောင်ထားသည့် စစ်တပ်ဝါဒဖြန့် သတင်းများရေးသားနေသော ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက်ဆိုသူ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးနှင့်ဇနီး ယနေ့နေ့လည်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

သံဖြူဇရပ်မြို့နယ် ၄ ရပ်ကွက်တွင် ယနေ့ နေ့လည် ၂နာရီ ၃၀မိနစ်ခန့်က ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက်ဆိုသူနှင့်ဇနီးဖြစ်သူကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“သုံးယောက်လောက် သေနတ်နဲ့ဝိုင်းပစ်တာ မိန်းမဖြစ်သူသေတယ် သတင်းထောက်ကတော့ ဒဏ်ရာရတယ် သူလည်း အခြေအနေမကောင်းဘူး”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့်ရဲများက သံဖြူဇရပ်မြို့နယ် ၄ ရပ်ကွက်တွင် စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“အခုထိစစ်နေတယ် အပစ်ခံရတဲ့သူက ပြည်သူ့စစ်အဖွဲ့က စစ်တပ်အာဏာသိမ်းမှ သတင်းထောက်ဖြစ်သွားတာ အရင်က ကယ်ရီဆွဲတာ သတင်းပေးတွေလေ “ဟု ပြောသည်။

ခေတ်ပုံရိပ်သတင်းဌာန သတင်းထောက်ဦးအေးလွင်နှင့်ဇနီးသည် သံဖြူဇရပ်တွင် PDF များကို ပြန်လည်တိုက်ခိုက်ရန် ပြည်သူ့စစ်ဖွဲ့ရာတွင် ပါဝင်သူများဖြစ်ပြီးငွေကြေးပံပိုးသူများလည်းဖြစ်သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ငွေကြေးစိုက်ထုတ်ကာ လူမှုကွန်ယက်စာမျက်နှာတွင် Page များဖွင့်လှစ်ထားပြီး စစ်တပ်သတင်းစာရှင်းလင်းပွဲနှင့် စစ်တပ်ကောင်းကြောင်းများ ရေးရန်ကိုသာ ရည်ရွယ်၍ သတင်းဌာနအမည်ခံ ဝါဒဖြန့်ချီရေး စာမျက်နှာများကို ဖန်တီးလျက်ရှိသည်။
ပုံစာညွှန်း – ဦးအေးလွင် ဦးဆောင်ကာ ငွေကြေးထောက်ပံ့ထားသည့် ပြည်သူ့စစ်အဖွဲ့