စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပိတ်ဆို့တိုက်ခိုက်သည့်ကြားမှ ဓားစာခံများကို ထပ်ကယ်နိုင်ဟု AA ဆို

Author အဂ္ဂ
Categories
Published on Dec 02, 2023

ရက္ခိုင်ပြည် ပေါက်တောမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ၏ လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ဒေသခံအချို့ကို စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ သုံးမျိုးစလုံးသုံး၍ ပိတ်ဆို့တိုက်ခိုက်နေသည့်ကြားမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA)က ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ (၁၆) ရက်နေ့ကတည်းက စစ်ကောင်စီ၏ လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများကို ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် လေးကြိမ်မြောက်အဖြစ် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး လူဦးရေစာရင်းကိုမူ AA ထုတ်ပြန်ချက်ထဲ အတိအကျ ဖော်ပြထားခြင်းမရှိပေ။

လူသားဒိုင်းနှင့် ဓားစာခံကယ်ထုတ်နိုင်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၂၁ ရက်က ဓားစာခံ (၁၂၀)ဦးကိုလည်းကောင်း၊ နိုဝင်ဘာ (၂၂) ရက်က ဒုတိယအကြိမ်အဖြစ် ဓားစာခံ (၁၀၄) ဦးကိုလည်းကောင်း၊ တတိယအကြိမ်အဖြစ် နိုဝင်ဘာ (၂၈) ရက်‌က လုပ်ဆောင်နိုင်ခဲ့ပြီး ကယ်ထုတ်နိုင်ခဲ့သည့် အရေအတွက်ကိုမူ အတိအကျ ထုတ်ပြန်ခြင်းမရှိသေးပေ။

ထိုသို့ ဓားစာခံများကို လေးကြိမ်မြောက်အဖြစ် ကယ်ထုတ်နိုင်ခဲ့သော်လည်း မြို့ထဲတွင် စစ်ကောင်စီက လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသူများ ကျန်ရှိနေသေးသဖြင့် ကျန်ရှိသူများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေး ရက္ခိုင့်တပ်တော်(AA)က ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း AA က ဆိုသည်။

ထို့ကြောင့် ပေါက်တောမြို့တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ အစုံသုံးကာ မြို့ကိုလက်မလွှတ်ရရေး အပြင်းအထန်ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ရက္ခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ(၁၆)ရက်နေ့တွင် ပေါက်တောမြို့မရဲစခန်းမှ ရဲအင်အား(၃၀)ကျော် AA ထံ လက်နက်ချအလင်းဝင်ပြီးနောက် AA တပ်ဖွဲ့ဝင်များ နေရာယူထားစဉ် စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ သုံးနေရာဖြင့် တန်ပြန်ထိုးစစ်ဆင်လာသည့်အတွက် မြို့အတွင်းမှ ရက္ခိုင့်တပ်တော် AAတပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးလိုက်ရသည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ဓားစာခံကယ်တင်ရေး ပထမအကြိမ်တွင် စစ်ကောင်စီတပ်သား (၃၀) ကျော် ရှင်းလင်းနိုင်ခဲ့သလို ဒုတိယအကြိမ်တွင်လည်း စစ်ကောင်စီတပ်သား (၁၈) ဦး ထပ်မံရှင်းလင်းနိုင်ခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ရက္ခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာ (၁၃) ရက်နေ့မှစတင်၍ ယနေ့အထိ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီး ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီတပ်စခန်း (၄၄) ခုထက်မနည်း သိမ်းပိုက်နေရာယူထားနိုင်ခဲ့သည်။

 

ထို့ပြင် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာအခြေချထားသော တရွန်အိုင် ဗျူဟာနှင့် နှုံးဘူးဗျူဟာတို့ကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်နိုင်ရေး နိုဝင်ဘာ (၁၃) ရက်ကတည်းက အပြင်းအထန်ထိုးစစ်ဆင် ကြိုးပမ်းလျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းခုခံစစ် အပြင်းအထန်သုံးကာ ခုခံနေသည့်အတွက် အဆိုပါနေရာများတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA)၏ ထုတ်ပြန်ချက်များအရသိရသည်။

 

ဓာတ်ပုံ – AA Info Desk

Related News

Depend on news