စစ်ကောင်စီဖယ်ရှားခဲ့သည့် တာဝကွက်သစ်က အိမ်ခြေသုံးထောင်ကျော် နေစရာမရှိ၍ အခက်အခဲဖြစ်နေ

Author အောင်နိူင်သူ
Categories
Published on Sep 12, 2022

NLD အစိုးရလက်ထက်က Smart Card ထုတ်ပေးထားသည့် သန်လျင်မြို့နယ် တာဝကွက်သစ်က ကျူးကျော်နေအိမ် သုံးထောင်ကျော်ကို စစ်ကောင်စီက ဖယ်ရှားခဲ့၍ နေစရာအခက်အခဲဖြစ်နေသည်ဟု ကျူးကျော်နေထိုင်သူတွေဆီက သိရသည်။

သန်လျင်မြို့နယ် တာဝကွက်သစ်တွင် စက်တင်ဘာ ၉ ရက်က စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ရောက်လာကာ နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားခဲ့တာဖြစ်သည်ဟု တာဝကွက်သစ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“အရမ်းမိုက်ရိုင်းတာ အချို့တိုက်အိမ်တွေဆို ဘူဒိုဇာနဲ့ပါထိုးတာ သန်လျင်မှာ ကျူးကျော်ဆိုအများကြီး အရင်အစိုးရ လက်ထက်က စမတ်ကတ်ရထားလဲ ဖျက်တာပဲ”ဟု ပြောသည်။

စစ်ကောင်စီဘက်မှ စိုက်ပျိုးမြေဖြစ်နေ၍ ဖယ်ရှားရသည်ဟု အကြောင်းပြချက်ပေးသော်လည်း အဆိုပါမြေဧကကိုလုပ်ငန်းရှင်တစ်ဦးကို ချထားပေးမည်ဆိုသည့် စကားများကြားရသည်ဟု ကျူးကျော်နေထိုင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က နေစရာမရှိလို့ နေတာ သူတို့က နေစရာရှိပြီးထားစရာမရှိတဲ့သူတွေကို နေရာပေးမှာ ပြည်သူသုံးထောင်ရဲ့ဘဝလဲပစ်တာ စစ်တပ်အုပ်ချုပ်ပြီးဆိုကတည်းက ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်ပြီးသား”ဟု ရှင်းပြသည်။

စစ်ကောင်စီက ဖျက်ဆီးဖယ်ရှားခဲ့သည့် အိမ်ခြေသုံးထောင်ကျော် လက်တလောမှာ စားစရာနှင့် နေစရာအခက်အခဲဖြစ်နေသည်ဟု တာဝကွက်သစ်နေသူတစ်ဦးက ပြောသည်။

“အလုပ်တွေကလဲရှား ပြောင်းရွေ့ဖို့ဆိုတာ ပိုက်ဆံလည်းမရှိတော့ အကုန်အခက်အခဲဖြစ်နေတာ အချို့ဆို လမ်းဘေးမှာ တဲထိုးနေကြတယ်”ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တွံတေး၊လှိုင်သာယာ၊ရွှေပြည်သာ၊ကော့မှုး၊ဒလ ၊တောင်ဒဂုံ ၊မဂ်လာဒုံ အစရှိသည့် မြို့နယ်များက ကျူးကျော်နေအိမ်များကို ပြီးခဲ့သည့်လတွေက ဖယ်ရှားခဲ့သည့်ဖြစ်စဥ်လည်း ရှိသည်။