စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်‌ဇော်မင်းထွန်းမှ စကစမှူးသေဆုံးခြင်းမှာ မဟုတ်မှန်ဟု ငြင်းဆိုချက်အပေါ် MNDAA မှ အလောင်းပြန်ပို့မည်ဟု တုံ့ပြန်

Author လဂွန်းအိမ်
Categories
Published on Dec 08, 2023

စစ်ကောင်စီ၏ စကခမှူး ကိုးကန့်စစ်နယ်မြေတွင် သေဆုံးကြောင်း ဓါတ်ပုံနှင့် ဖော်ပြထားခြင်းအား မဟုတ်မှန်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ငြင်းဆိုအပြီး MNDAA မှ အလောင်းပြန်ပို့ရန် စီစဉ်နေသည်ဟု တုံ့ပြန်ပြောဆိုသည်။

 

ရှောက်ကိုင်အုပ်စုနေရာတကြော ပုန်း‌အောင်းနေသည့် စစ်ကောင်စီ အကြွင်းအကျန် တစ်ရာကျော်ကို MNDAAက ဝန်းရံပစ်ခတ်ခဲ့ရာ သေဆုံးသူများတွင် စစ်ကောင်စီ၏ စကခ (၁၂) မှ စကခမှူး အောင်ဇော်လင်း ပါဝင်သည်ဟု MNDAA က ပုံနှင့်တကွ ဒီဇင်ဘာ ၇ ရက်နေ့ ယမန်နေ့တွင် ဖော်ပြထားခဲ့သည်။

 

ယင်းသို့ ဖော်ပြထားသော်လည်း စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေး ဆောင်ရွက်နေသည့် တပ်မမှူးတစ်ယာက်အား အသေရရှိသည်ဟု မဟုတ်မမှန် သတင်းလွှင့်ခဲ့ကြောင်း ယနေ့တွင်ပင် ထုတ်ဖော် ပြောဆိုလာခဲ့သည်။

 

ထိုသိုပြောဆိုလာပြီး နာရီပိုင်းအကြာတွင်ပင် MNDAAပြောရေးဆိုခွင့်ရှိသူမှ “မိမိတို့ဘက်မှ အောင်ဇော်လင်း၏ အလောင်းကို စကစထံ ပြန်ပို့လိုသောဆန္ဒရှိပါသည်။ လက်ရှိသက်ဆိုင်ရာဌာနနှင့် ဆက်သွယ်သော်လည်း အကြောင်းပြန်ခြင်း မရှိသေးပါ“ ဟု The Kokang သို့ ပြောဆို‌ထားသည်ကို တွေ့ရှိရသည်။

 

MNDAAမှ ကိုးကန့်ဒေသ မြောက်ပိုင်း မော်ထိုက် ၊ ချုံကန် ကုန်းကြမ်းစသည့်နေရာရှိ စစ်ကောင်စီနှစ်ပေါင်း(၃၀) နီးပါး တပ်စွဲထားသော တပ်စခန်းများကို သိမ်းပိုက်လိုက်ပြီး နောက်ပိုင်း နေရာအနှံ့သို့ ထွက်ပြေးပုန်းအောင်းခဲ့နေသည့် စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်များအား ဆက်လက် ရှင်းလင်းသုတ်သင်ရန် လုပ်ဆောင်နေချိန်တွင် ရှောက်ကိုင်ဒေသတစ်နေရာ၌ ပစ်ခတ်ခံရပြီး သေဆုံးနေသည့် စစ်ကောင်စီ၏ စကခမှူး အောင်ဇော်လင်း၏  ရုပ်အ‌လောင်းတွေ့ရှိကြောင်း ပဏာမအတည်ပြုခဲ့ပြီး ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ် မည်သည့်ရာထူးဖြစ်မည်ကို အတည်မပြုနိုင်သေးကြောင်း ဆိုထားသည်။