စစ်ကောင်စီနှင့် KNU ထိတွေ့တိုက်ပွဲကြောင့် ကျောက်ကြီးမြို့နယ်တွင် စစ်ရှောင်ဦးရေ ၁၇၀၀၀ ကျော်ထိရှိလာ

Author လင်းခိုင်
Categories
Published on Sep 10, 2022

KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၅မှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် KNDO တပ်ရင်း၃တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်ကြီးမြို့နယ်တွင် စစ်ရှောင်ဦးရေထပ်တိုးလာကြောင်း KNUကယနေ့ထုတ်ပြန်ထားသည်။

KNUထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ဃဲဒဲကျေးရွာအုပ်စုတွင် စက်တင်ဘာ ၇ရက်မှစပြီး တပ်မဟာ ၅မှပြန်ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း ၃တို့ စက်တင်ဘာ ၁၀ရက်အထိတိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုအတည်မပြုနိုင်သေးကြောင်း KNUကဆိုသည်။

ထိပ်တိုက် တိုက်ပွဲကြောင့်ဃဲဒဲကျေးရွာအုပ်စုရှိ သဲခီး၊ ထူးထာ၊ ဃဲဒဲ၊ မူခီး၊ တကော်ဒဲ၊ ဒေးဘောခီး၊ ဒိုဒေါ်ခီး၊ တူဝေါ်စိုးနှင့် ဃောထောခီးစသည့် ကျေးရွာပေါင်း (၉) ရွာမှ အိမ်ခြေစုစုပေါင်း (၁၇၇) အိမ်နှင့် လူဦးရေစုစုပေါင်း (၁၀၃၁) ဦး အသက်ဘေးလွှတ်ရာသို့ရှောင်နေရကြောင်းသိရသည်။

ဃဲဒဲကျေးရွာအုပ်စုရှိ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၃၃၆) ဦးနှင့် ကျောင်းဆရာ၊ ဆရာမဦးရေ စုစုပေါင်း (၄၅) ဦးရှိသည့် ဃဲဒဲအလယ်တန်းကျောင်း၊ သဲခီးမူလတန်းကျောင်း၊ ထူးထာမူလတန်းကျောင်း၊ မူခီးအလယ်တန်းကျောင်း၊ ဒိုဒေါ်ခီးမူလတန်းကျောင်းနှင့် တူဝေါ်စိုးမူလတန်းကျောင်း စသည့်စာသင်ကျောင်းပေါင်း (၆) ကျောင်း ကိုလည်းပိတ်ထားရကြောင်း KNUကထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ် တွင်စစ်ဘေးရှောငခရသည့် ကျေးရွာ၄၅ရွာမှ အိမ်ခြေစုစုပေါင်း ၃၁၈၂အိမ် လူဦးရေစုစုပေါင်း ၁၇၀၆၇ဦးထိတိုးလာကြောင်း KNUကထုတ်ပြန်ထားသည်။