စစ်ကောင်စီနှင့် အတူ အကြမ်းဖက် လုပ်ရပ်များတွင် ပါ၀င်ခဲ့သူအားလုံး ပြည်သူ့တရားဥပဒေနှင့်အညီ တုံ့ပြန်အရေးယူမည်ဟု NUG ဆို

Author လင်းခိုင်
Categories
Published on Oct 22, 2022

စစ်ကောင်စီနှင့်အတူ အကြမ်းဖက် လုပ်ရပ်များတွင် ပါ၀င်ခဲ့သူအားလုံး ပြည်သူ့ တရားဥပဒေနှင့်အညီ တုံ့ပြနအရေးယူမည်ဖြစ်ကြောင်း အမျိုးသားညီညွှတ် ရေးအစိုးရ၊ ကျန်းမာရေး၀န်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အောက်တိုဘာ ၂၀ ရက်တွင် စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မံယူးကြီးကျေးရွာရှိ ကိုယ်ထူကိုယ်ထ ပြည်သူ့ဆေးရုံနှင့် အောက်တိုဘာ ၂၁ ရက်တွင် ကြောင်လည်ကျေးရွာရှိ ပြည်သူ့ဆေးရုံ၊ -၀န်ထမ်းအိမ်ရာနှင့် ခန်းမတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထား သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် မံယူးကြီးကျေးရွာတွင် ပြည်သူ့ဆေးရုံတစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့ရုံမျှမက အသက် ၄၅နှစ်အရွယ် အမျိုးသမီးတစ်ဦးအသက် ဆုံးရှုံးခဲ့ပြီး၊ ကလေးငယ်များအပါအ၀င် ပြည်သူ ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ၊ ကြောင်လည် ကျေးရွာတွင်လည်း လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ပြည်သူ့ဆေးရုံ၀န်ထမ်းအိမ်ရာ၊ ခန်းမနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးကာ အခြားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် သြဂုတ် ၃၁ရက်ထိ ကျန်းမာရေးလုပ်သား ၅၈ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ ကျန်းမာရေးလုပ်သား ၇၀၀ကျော် ဖမ်းဆီးညှဉ်းပန်းခဲသည့်အပြင် ဆေးရုံး၊ ဆေးခန်း ၅၀ ကျော်နှင့် လူနာတင်ယာဉ် ၄၀ ကျော်ကို ဖျက်ဆီးခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို NUG အနေဖြင့် ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာ အသိုက် အ၀န်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေး၀န်ကြီးဌာနက တိုက် တွန်းထားသည်။

ထို့ကြောင့် အပြစ်မဲ့ ကျဆုံးခဲ့ရသူများအတွက် တရားမျှတမှုကို ပြန်လည်ရယူပေးမည်ဖြစ်ပြီး၊ အကြမ်းဖက်စစ်ကောင်စီနှင့် အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါ၀င်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။