စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂ နှစ်နီးပါးကာလအတွင်း နေအိမ် ၃၈၀၀၀ ကျော်ပျက်စီးခဲ့

Author လင်းခိုင်
Categories
Published on Dec 10, 2022

 

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ယခုနှစ် နို၀င်ဘာ ၃၀ ရက်အထိ နေအိမ် ၃၈၃၈၃ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ မီးရှို့ဖျက်ဆီးမှုအနက် စစ်ကိုင်းတိုင်းသည် နေအိမ် ၂၇၄၉၆ လုံးအများဆုံး ဖျက်ဆီးခံခဲ့ရကာ၊ မကွေးတိုင်းတွင် ၇၈၁၈ လုံး၊ ချင်းပြည်နယ်တွင် ၁၄၂၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၂ ခုနှစ် ဧပြီ၊ မေ၊ ဇွန် နှင့် အောက်တိုဘာ ၄လအတွင်း နေအိမ်ပျက်စီးမှု အရေအတွက်အများဆုံးဖြစ်ခဲ့ပြီး၊ ယင်း ၄လအတွင်း နေအိမ် ၁၆၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

“ရေရှားတဲ့အညာမှာ ရွာတွေ မီးရှို့ခံလိုက်ရတော့ နောက်တစ်ကြိမ် စကစ စစ်ကြောင်း၀င်လာမှာ စိုးတာရောကြောင့် ကျေးလက်လူထုခမျာ ဘေးလွတ်မယ်ထင်တဲ့ တောတိုက်တွေထဲမှာ လေတစ်ချက်ဝှေ့တောင်လွင့်ထွက်နိ်ုင်တဲ့ တဲလေးတွေထိုးပြီးနေကြရရှာတယ်။ ဒါကို စစ်ခွေးတွေက ရွာကိုမီးရှို့တာနဲ့ အားမရဘူး တောတိုက်တွေထဲက စစ်ရှောင်တဲတွေကို လိုက်လံမီးရှို့ဖျက်ဆီးတာ စစ်ကိုင်းတိုင်းထဲက အချို့မြို့နယ်တွေမှာပါရှိလာပြီ” ဟု စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပျက်စီးမှုအများဆုံး ၄ မြို့နယ်သည် ပုလဲ၊ ခင်ဦး၊ ကန့်ဘလူနှင့် တန့်ဆည် မြို့နယ်များဖြစ်ပြီး၊ တစ်မြို့နယ်အလိုက် နေအိမ် အနည်းဆုံး ၂၂၀၀ ကျော်ထက်မနည်းမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ၃၂ မြို့နယ်သည် နေအိမ်မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကာ၊ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့ခြင်းမခံရသည့် မြို့နယ်များသည် ခန္တီး၊ ကလေး၀၊ လေရှီး၊ လဟယ် နှင့် နန်းယွန်းမြို့နယ်များဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မီးရှို့ဖျက်ဆီးမှု