စစ်ကောင်စီနှင့် လက်ဝေခံ အကြမ်းဖက်သမားများကြောင့် နိုင်ငံတဝှမ်းရှိ CDMနှင့် ကြားကာလပညာ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးနှင့် အသန္တရာယ်စိုးရိမ်နေရဟု BEGSC-CEC ထုတ်ပြန်

Author မွန်လေး
Categories
Published on Oct 18, 2022

စစ်ကောင်စီနှင့် လက်ဝေခံအကြမ်းဖက်သမားများကြောင့် နိုင်ငံတဝှမ်းရှိ CDM/ ကြားကာလ ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးနှင့် အသက်န္တရာယ်စိုးရိမ်နေရကြောင်း Basic Educatio General Strike Committee-(BEGSC-CEC)က ယနေ့တွင်ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာမှ ဒေသခံကလေးငယ်များကို ပညာသင်ကြားနေသည့် ဆရာဦးစောထွန်းအား အောက်တိုဘာ ၁၇ရက်တွင်ဖမ်းဆီးခဲ့ပြီး ခြေ၊ လက်၊ ခေါင်းများကို ဖြတ်တောက်ကာ လူမဆန်စွာသတ်ဖြတ်ပြီး၊ ဦးခေါင်းပြတ်အား တောင်မြင့်ကျေးရွာ စာသင်ကျောင်းတံခါးတွင် ချိတ်ဆွဲပြီး စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲသည်ဟု ထုတ်ပြန်ထားသည်။

Rights to Eduction ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများအပေါ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများကျူးလွန်နေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ဧရာ၀တီတိုင်း၊ ဇလွန်မြို့နယ်ရှိ CDM ဆရာတစ်ဦးဖြစ်သည့် အထက်တန်းပြ၊ ယာယီအလယ်တန်းကျောင်းအုပ် ဦးရဲသီဟသည် နေအိမ်တွင်ရှိနေစဉ် အောက်တိုဘာ ၁၇ရက် ည၇နာရီခန့်တွင် ဓားဖြင့် ခုနှစ်ချက် ထိုးသတ်ခံရပြီးကွယ်လွန်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ မြန်မာနိုင်ငံတဝှမ်းရှိ CDM ဆရာ၊ ဆရာမများ၊ ကြားကာလ ပညာရေး သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများနှင့် ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်သည် နေ့စဉ်နှင့်အမျှ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် စိုးရိမ်တုန်လှုပ်နေရသည်ဟု ဆိုသည်။

ထို့ကြောင့် ကြားကာလပညာရေးဆောင်ရွက်လျက်ရှိသည့် ဆရာ၊ ဆရာမများ၊ CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်အန္တရာယ်လုံခြုံရေးအား ကာကွယ်စောင်ရှောက်ပေးရန် ပြည်သူလူထု၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာနနှင့် တော်လှန်ရေးအဖွဲ့အစည်းများကို လေးနက်စွာ တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။