စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ တွေ့ဆုံဆွေးနွေးမှုသည် ပုံမှန်တွေ့ဆုံမှုသာ ဖြစ်ဟု “ဝ”အဖွဲ့ဆို

Author ခေတ်နီ
Categories
Published on Mar 23, 2023

နေပြည်တော်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် မြောက်ပိုင်းမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ တွေ့ဆုံမှုသည် ပုံမှန်တွေ့ဆုံမှုတစ်ခုသာ ဖြစ်ကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ပြင်ပ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းထံမှ သိရသည်။

ရှမ်းပြည်နယ် အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့်”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SS A) တို့ သည် ယမန်နေ့ မတ်လ ၂၂ရက်နေ့တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ခေါင်းဆောင်များနှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြတာပဲ ဖြစ်သည်။

ယခုလို တွေ့ဆုံမှုသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်ပြီး UWSP/UWSA၏ ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းထံ CJ Platformမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာ ယခုလိုတွေ့ဆုံမှုသည် ပုံမှန်တွေ့ဆုံမှုတစ်ခုသာဖြစ်ကြောင်း ပြန်လည် ဖြေကြားထားသည်။

“ကျွန်တော်တို့က ပုံမှန်တွေ့ဆုံမှုပါပဲ ထွေထွေထူးထူးတော့မရှိဘူး ဒေသတည်ငြိမ်ရေးချမ်းရေး ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေပဲ ကျန်းမာရေး ပညာရေး ကူးလူးဆက်ဆံရေးကိစ္စရပ်တွေပဲ အဲ့တာတွေ အဓိကဆွေးနွေးခဲ့တယ်ပေါ့ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ထွေထွေထူးထူး မဆွေးနွေးပါဘူး”ဟူ၍သာ ဖြေကြားထားသည်။

ယခုကဲ့သို့ တွေ့ဆုံခဲ့သည့် အဖွဲ့များအနက်MNDAAနှင့် SSPP/SSA နှစ်ဖွဲ့သည် ပြီးခဲ့သည့် လပိုင်းများအထိ စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာကာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အဖွဲ့များ ဖြစ်သည်။

ထို့အပြင့် ပြီးခဲ့သည့် မတ်လ၁၅ရက်နှင့် ၁၆ ရက်များကလည်း UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် မြောက်ပိုင်း EAOs ၇ ဖွဲ့ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံ‌ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အစည်းအဝေး ကျင်းပခဲ့ပါသေးသည်။