စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း စစ်အာဏာရှင် အမြစ်ပြတ်ရေး တစ်နေ့မျှ မနားဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲနေဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 12, 2023

တစ်နိုင်ငံလုံးစစ်ဆင်ရေးအသွင်ဖြင့် ဆောင်ရွက်နေသော ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင် အမြစ်ပြတ်ရေး တစ်ရက်မျှ မရပ်နားဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲလျက်ရှိသည်ဟု ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်) သန်းခေါင်ယံ (၁၂)နာရီက ထုတ်ပြန်ချက်အတွင်း ထည့်သွင်းရေးသားထားသည်။

 

ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA)တို့နှင့် မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက တာဝန်ရှိသူတို့သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တွေ့ဆုံမှုများပြုလုပ်ခဲ့သည်ကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning နှင့် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က ယမန်နေ့ ညနေပိုင်းတွင် အသီးသီး အတည်ပြုပြောဆိုခဲ့ကြသည်။

 

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning သည် ယမန်‌နေ့ (ဒီဇင်ဘာ ၁၁ ရက်)က  ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင်  ‘‘မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ရခဲ့တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဝမ်းသာရပါတယ်’’ ဟု ပြောကြားကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတို့ တွေ့ဆုံမှုကို အတည်ပြုခဲ့သည်။

 

ထို့ပြင် တရုတ်အနေဖြင့် လက်ရှိပဋိပက္ခများ အဆုံးသတ်သည်အထိ ဆက်လက် ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း၏ လက်ရှိပဋိပက္ခများ ပြေလျော့လာခြင်းသည်  မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းအသီးသီး၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူဖြစ်စေမည်ဟု ယုံကြည်သည်ကြောင်း သူမက ဆက်ပြောသည်။

 

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ‘‘ကျွန်တော်တို့ မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့ သူတွေနဲ့ MNDAA ,TNLA , AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုပေါ်မှာ မူတည်ပြီး၊ တိုးတက်မှု အခြေအနေအပေါ်မှာမူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်’’ ဟု တွေ့ဆုံမှုသတင်းကို စစ်ကောင်စီ၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှတဆင့် ယမန်နေ့(ဒီဇင်ဘာ ၁၁ ရက် )ညနေ (၆) နာရီဝန်းကျင်ခန့်တွင် ‌ပြောသည်။

 

စစ်ကောင်စီနှင့်တွေ့ဆုံခဲ့သည်ဆိုသည့်သတင်းကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထံသို့ CJ Platform သတင်းဌာနမှ ယမန်နေ့ ညနေပိုင်းကတည်းက ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

 

တွေ့ဆုံမှုသတင်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပြီးနောက် တအာင်းတပ်မတော် (TNLA) သည် ‘‘တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၁၁) ရက်နေ့ တိုက်ပွဲသတင်းအချုပ်’’ ကို ယမန်နေ့ည (၈) နာရီ (၃၀) မိနစ်ဝန်းကျင်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ယနေ့ နေ့လယ် (၂) နာရီ (၃၈) မိနစ်တွင်လည်း ‘‘နမ့်ခမ်းနှင့် နမ့်ဆန်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ရာချီအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်’’ ဆိုသည့် တိုက်ပွဲအခြေအနေကို သတင်းထုတ်ပြန်ခဲ့သေးသည်။

 

အလားတူ ရက္ခိုင့်တပ်တော် (AA)ကလည်း ယမန်နေ့ ည (၁၀) နာရီ (၄၈) မိနစ်တွင် ယခုနှစ် ဒီဇင်ဘာလ (၁၁) ရက် ရက်စွဲဖြင့် နှုံးဘူးဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့သည့်သတင်းအပါအဝင် ရက္ခိုင်ဒေသတိုက်ပွဲသတင်းများ ထုတ်ပြန်ခဲ့သည်။

 

ယနေ့ နေ့လယ် (၁) နာရီ (၄၈) မိနစ်တွင်လည်း ‘‘ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ ဘူးသီးတောင်၊  ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြိုနယ်အတွင်းရှိ စခန်းတချိုသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း၊ ရေကြောင်းများမှလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ယနေ့နံနက် (၈) နာရီမှစတင် ပစ်ခတ်တိုက်ခိုက်နေသလို ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် နှုံးဘူး ဗျူဟာကုန်းကို တိုက်လေယာဉ်ဖြင့် လာရောက်၍ ဗုံးကြဲတိုက်ခိုက်နေသည်’’ ဆိုသည့်သတင်းကို Breaking News အနေဖြင့် ထုတ်ပြန်ခဲ့သည်။

 

ကိုးကန့်တပ်(MNDAA) အနေဖြင့် ယမန်နေ့က တိုက်ပွဲသတင်းများကို သီးခြားထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်မှုကြောင့် လောက်ကိုင်‌ဒေသရှိ အရပ်သား သုံးဦးသေဆုံးကာ  တစ်ဦးထိခိုက်ဒဏ်ရာရသည့် သတင်းကို ယမန်နေ့ ည (၈) နာရီဝန်းကျင်တွင် ထုတ်ပြန်ခဲ့သည်။

 

ညီနောင်သုံးဖွဲ့၏ ယမန်နေ့ည (၁၂) နာရီတွင်ထုတ်ပြန်သည့် ပူးပေါင်းထုတ်ပြန်ချက်တွင်မူ တိုက်ပွဲအခြေအနေ သတင်းများသာမက ‘‘၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်ကတည်းကထုတ်ပြန်ထားသော မိမိတို့၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝစေရန်နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုအတွက် မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲသည် တစ်ရက်မျှရ ပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲလျက်ရှိသည်” ဟု ဖော်ပြထားသည်။

 

ထို့ပြင် ညီနောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် “အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် ရန်သူ့စခန်းကြီး၊ ငယ်များနှင့် လက်နက်ချ အညံ့မခံဘဲ ခုခံထွက်ပြေးနေသော ရန်သူ့တပ်ဖွဲဝင်များကို အပြီးသတ်ချေမှုန်းနိုင်ရေး  ဆက်လက်လုပ်ဆောင်လျက်ရှိသည်” ဟုလည်း ဆက်လက်ဖော်ပြထားသည်။

 

ထို့ကြောင့် တရုတ်နှင့် စစ်ကောင်စီတို့က တွေ့ဆုံမှုသတင်းကို အတည်ပြုပြောဆိုခဲ့သော်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် အဆိုပါသတင်းကို အတည်မပြုသေးသကဲ့သို့ လက်ရှိအချိန်ထိလည်း ညီနောင်မဟာမိတ် သုံးဖွဲ့အခြေပြုလှုပ်ရှားရာဒေသများဖြစ်သည့် ရှမ်း(မြောက်) တခွင်နှင့် ရက္ခိုင်ပြည်တို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ပင်ရှိသေးသည်ကို တွေ့ရသည်။

 

ယမန်နေ့ တွေ့ဆုံဆွေးနွေးမှုတွင် မြောက်ပိုင်းသုံးဖွဲ့လုံးမပါဝင်ခဲ့ဘဲ MNDAA တစ်ဖွဲ့တည်းဖြင့်သာ တွေ့ဆုံဆွေးနွေးခဲ့ပြီး လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ခွာနိုင်ရန် ဒီဇင်ဘာ လကုန်အထိ MNDAA နှင့် စစ်ကောင်စီတပ်များကြား အပစ်ရပ်ထားမည်ဟူသည့် အတည်မပြုနိုင်သည့် သတင်းရင်းမြစ်များက ပြောကြားကြသည်။

Related News

Depend on news