စစ်ကောင်စီနှင့် ဆွေးနွေးမှု သဘောတူညီချက် ၄ချက်ရရှိခဲ့ကာ အောင်မြင်သော ဆွေးနွေးပွဲဖြစ်ကြောင်း PPST ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 30, 2022

 

အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးမှု သဘောတူညီချက် ၄ ချက်ရရှိခဲ့ကာ၊ အောင်မြင်သော ဆွေးနွေးပွဲဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့၀င်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ EAOs(၅)ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် သဘောတူညီချက် ၄ ချက်ရရှိခဲ့ပြီး၊ ယင်းသဘောတူညီချက် ၄ ရပ်သည် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံခြင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံကာ ပြည်ထောင်စု တည်ဆောက်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အစရှိသည်တို့ကို သဘောတူညီခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ပြင် အဆိုပါ သဘောတူညီချက် ၄ချက်အနက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ၁၀ ချက်ပါ၀င်ပြီး ယင်း ၁၀ ချက်ကို ပြင်ဆင်မည့်စာတမ်းအား အဆိုပြုချက် မူကြမ်းအဖြစ် ထားရှိရန် သဘောတူညီခဲ့ကြသည်ဟု ဖော်ပြထားသည်။

PPST အဖွဲ့၀င် ၅ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ အဖွဲ့တို့၏ ပဏာမ ရရှိထားသော မှတ်တမ်း ၅ ရပ်နှင့် သဘောတူညီချက် ၄ရပ်တို့သည် ပြည်သူလူထုတစ်ရပ်လုံးနှင့် EAOs များအားလုံးအတွက် ဘုံအကျိုးစီးပွားကို ရည်မှန်း ဆွေးနွေးညှိနှိုင်းထားသော အချက်များဖြစ်သည့်အတွက် အောင်မြင်မှုရှိသော ဆွေးနွေးပွဲဖြစ်သည်ဟု ယင်းတို့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် တွေ့ဆုံပွဲသို့ PPST ၇ ဖွဲ့ရှိသည့်အနက် RCSS နှင့် NMSP တို့တက်ရောက်ခဲ့ခြင်းမရှိဘဲ ALP,DKBA,KNU/KNLA(PC), LDU, PNLO အဖွဲ့ ငါးဖွဲ့သာတက်ရောက်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့၀င်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း စစ်ကောင်စီဘက်က တက်ရောက်ရန် ငြင်းပယ်ခဲ့သည့်အတွက် ယခုတွေ့ဆုံပွဲကို RCSS နှင့် NMSP တို့ မတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အချိုးကျကိုယ်စားပြုစနစ်နှင့် ရွေးကောက်ပွဲလုပ်ရန် ထည့်သွင်းပြဌာန်းထားသည့် ဥပဒေမပါရှိသည့်တွက် ယင်းအချက်ကို ပြင်ဆင်ရန်အတွက် အပစ်ရပ်အဖွဲ့များနှင့် စစ်ကောင်စီက တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #PPST