စစ်ကောင်စီထံ ပြန်လည်မသွားလိုသည့် အကျဉ်းဦးစီးအရာရှိ အကူညီဖြင့် စနစ်ကျ စိုက်ခင်းအား PDFများ ဖန်တီးနိုင်ခဲ့ ၊ တပ်ရိက္ခာ ဖူလုံခဲ့သည့်အပြင် ပြည်သူများကိုပါ ဝေငှပေးနေ

Author လင်းနွေဦး
Categories
Published on Dec 05, 2023

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောဒေသရှိ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းမှ ဖမ်းဆီးရမိခဲ့သည့် အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးသည် စစ်ကောင်စီထံ ပြန်လည် မသွားရောက်လိုတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို ကူညီကာ စနစ်ကျ စိုက်ခင်းများ စိုက်ပျိုးဖန်တီးပေးနေပြီး တပ်တွင်း ရိက္ခာ ဖူလုံစေသည်သာမက ပြည်သူများကိုပါ ဝေငှပေးနိုင်သည့်အထိ အောင်မြင်မှုများ ရရှိနေကြောင်း တပ်ရင်း ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ ပြောသည်။

 

၂၀၂၂ခုနှစ် နှောင်းပိုင်းတွင် မြိတ်-ထားဝယ်‌ ကားလမ်းမပေါ်၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ လုံခြုံရေး စစ်ဆေးနေစဉ် အဆိုပါ အကျဉ်းဦးစီးဌာန အရာရှိအား ဖမ်းဆီးရမိခဲ့ခြင်းကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ လိုအပ်သည်ကို အရေးယူဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံခဲ့ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့၏ အပြစ်ပေးမှုများအား ခံယူပြီးနောက် ယင်းအကျဉ်းဦးစီးအရာရှိမှာ စစ်ကောင်စီထံ ပြန်လည်မသွားရောက်လိုခြင်းကြောင့် PDFများနှင့် ပူးပေါင်းကာ စနစ်ကျ သီးနှံစိုက်ခင်းများ ကူညီဖော်ဆောင်ပေးနေခြင်း ဖြစ်သည်။

 

“ကျွန်တော်တို့၂၀၂၂နှစ်လယ်ပိုင်းလောက်တည်းက စစိုက်တာ နေရာပြောင်းရတာတွေနဲ့ လိုအပ်ချက်တွေ ရှိလို့ မအောင်မြင်ဘူးဗျ သူရောက်လာမှပဲ ခုလိုအောင်အောင်မြင်မြင် ဖြစ်သွားတာပဲ။ ပ.အ.ဖ ရဲ့ ချုပ်ရက် ပြည့်သွားပေမဲ့ စစ်ကောင်စီဘက် ပြန်မသွားချင်တော့ဘူးဆိုပြီး သူ့သဘောနဲ့သူ တပ်တွင်းမှာပဲ ဆက်နေနေတယ်” ဟု မြိတ်ခရိုင် PDF အမှတ်(၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံမှ ရယ်စွာဖြင့် CJ Platform သို့ပြောသည်။

 

စနစ်ကျ စိုက်ခင်းတွင် အကျဉ်းဦးစီးအရာရှိ၏ ဦးဆောင်မှုဖြင့် ရာသီအလိုက် ဘူးသီး ၊သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်များအား စိုက်ပျိုးထားရှိပြီး တပ်တွင်းရိက္ခာအဖြစ် အသုံးပြုနိုင်သည်သာ မက၊ ပြည်သူများကိုပါ ဝေငှပေးမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – PDF Myeik District Battalion(1)