စစ်ကောင်စီတပ်၏ အလစ်ဝင်ရောက် တိုက်ခိုက်မှုကြောင့် MNDAA တပ်သား တစ်ဦးသေဆုံး ခြောက်ဦး ဒဏ်ရာရ

Author အဂ္ဂ
Categories
Published on Dec 12, 2023

ရှမ်းပြည်(မြောက်ပိုင်း) ကိုးကန့်ဒေသရှိ ကိုးကန့်တပ် စခန်းတစ်ခုကို စစ်ကောင်စီတပ်က ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်)က  အလစ်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ကိုးကန့်တပ် (MNDAA) တပ်မှ တပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်စဉ် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံပို့ဆောင်စဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်သဖြင့် ကိုးကန့်တပ်(MNDAA) မှ တပ်သားတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ရသည်ဟု ကိုးကန့်တပ်၏ ယနေ့ညနေ ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကန့် ရှီရှမ်းဒေသ၊ တာရွှေထန်ကျေးရွာအုပ်စု၊ ဟုန်ရှိထုပ်ရွာ အနောက်တောင်ကုန်းရှိ ကိုးကန့်တပ် (MNDAA) ခံတပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ နေ့လယ် (၁) နာရီ (၂၆) မိနစ်တွင် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကိုးကန့်တပ်များဘက်က ခုခံတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ တပ်ပြန်လည် ဆုတ်သွားခဲ့ပြီး ကိုးကန့်တပ်ဘက်မှ တပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

 

မူပန် (သိန္နီ) ခရိုင်၏ အနောက်တောင်ဘက်ခြမ်း လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီဘက်က ထောင်ထားခဲ့သော မိုင်းများကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်များက ရှင်းလင်းရေးလုပ်စဉ်  မိုင်းပေါက်ကွဲခဲ့သဖြင့် တပ်သားအချို့ ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရရှိသည့် တပ်သားများကို ဆေးရုံသို့ပိုဆောင်စဉ် စစ်ကောင်စီ၏ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ် (စကခ)က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်နက်ကြီးစထိမှန်ကာ ကိုးကန့်တပ်ဘက်ကမှ တပ်သားတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ရကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှ ယနေ့ (ဒီဇင်ဘာ ၁၂) အထိ စစ်ဆင်ရေး (၄၇) ရက် အတွင်း ကိုးကန့်တပ်သည် တိုက်ပွဲသတင်းများ နေ့စဉ်ထုတ်ပြန်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှုများကို ဖော်ပြလေ့မရှိပဲ ယနေ့မှသာ ထိခိုက်ကျဆုံးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ (၂၃) ရက်‌တွင် စစ်ကောင်စီ၏ နမ့်စလပ်တောင်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဓာတုဗုံးများဖြင့် ကြဲချတိုက်ခိုက်သဖြင့် ကိုးကန့်တပ်သားအချို့ မူဝေအော့အန်သည့် ဝေဒနာများ ခံစားရကာ အဆိပ်သင့်သည့်အတွက် ဆေးကုသမှုခံရသည်ဟု ထုတ်ပြန်ခဲ့ဖူးသော်လည်း အရေအတွက် အတိအကျ မပါဝင်ပေ။

 

လက်ရှိတွင် စစ်ကောင်စီနှင့် တရုတ်တို့က ‌မြန်မာပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံအကူအညီဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အတည်ပြုပြောကြားပြီးနောက် တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း ကိုးကန့်တပ် (MNDAA) အနေဖြင့် ထိတွေ့တိုက်ပွဲများ ရပ်တန့်နေပြီး ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲမှာလည်း ခုခံစစ်အသွင် တိုက်ပွဲထိတွေ့မှုသာ ဖြစ်သည်ကို တွေ့ရသည်။

 

သို့သော် ညီနောင်သုံးဖွဲ့၏ ယမန်နေ့ည သန်းခေါင်ယံ (၁၂) နာရီတွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင်မူ “မိမိတို့၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝစေရန်နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲလျက်ရှိပါသည်” ဟု ထုတ်ပြန်ကြေညာထားသည်။

Related News

Depend on news