စစ်ကောင်စီတပ်၏ သံခွန်မော်တော်ယာဉ်ကို GZP မြို့ပြပြောက်ကျား ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် ရဲမှူးအပါအဝင် ၁၆ ဦးသေဆုံး

Author လဂွန်းအိမ်
Categories
Published on Dec 23, 2023

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ မြစ်ကြောင်းတစ်ခုတွင် မောင်းနှင်လာသည့် စစ်ကောင်စီတပ်၏ သံခွန်မော်တော်ယာဉ်အား GZP(မန္တလေး) မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့တို့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

မတ္တရာမြို့နယ် အနောက်ခြမ်းကျေးရွာများအား မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံခွန်မော်တော်ယာဉ်ဖြင့် ပြန်လည်ဆုတ်ခွာလာခြင်းဖြစ်ပြီး  စစ်ကောင်စီအင်အား ၇၀ ခန့်ပါဝင်သည်ဟု ဆိုသည်။

 

ယင်းစစ်ကောင်စီမော်တော်ယာဉ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ မန္တလေးရေကြောင်းရုံးခွဲ ရဲမှူး တစ်ဦး အပါအဝင် ၁၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုများမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းတိုက်ခိုက်မှုကို Generation Z power-GZP (Mandalay)၊ ပုသိမ်ကြီး ပကဖ၊ မတ္တရာ ပကဖ၊ မန္တလေးခရိုင် တပ်ရင်း ၃၊ ၄၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁၊ BRA တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်အား CJ Platform မှ စုံစမ်းဆဲဖြစ်သည်။