စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ပြီး လအိရွာမှ အရပ်သား ၄ ဦးဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Nov 10, 2022

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ လအိရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရှိသည်။

လအိကျေးရွာကို ယမန်နေ့(နိုဝင်ဘာလ ၉ ရက်)ည ၉ နာရီခန့်မှာ စစ်ကောင်စီတပ်မှာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိမှန်ပျက်စီးကာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်သည်။

“မနေ့ည ၉ နာရီ ၂၀ မိနစ် ဝန်းကျင်လောက်မှာ လက်နက်ကြီး ကျတာပါ၊ ထိခိုက်မှုက ၄ ခုဖြစ်ပြီး ၃ ခုက အကြီးစားထိခိုက်ပြီး ၁ ဉီးက စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်”ဟုကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY)မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဖြစ်သူ မူ့ကနန့် မှ CJ Platform ကိုပြောသည်။

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်တပ်သည် ဖယ်ခုံမြို့နယ်အတွင်းအခြေစိုက်သည့် စစ်ကောင်စီတပ်တစ်ခုဖြစ်ပြီး မည်သည့်တပ်ရင်းမှ ပစ်ခတ်မှု လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းမှာပင် အရပ်သား ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ- ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY)
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကရင်နီပြည် #လအိကျေးရွာ #လက်နက်ကြီးကျရောက် #ပြည်သူများထိခိုက်