စစ်ကောင်စီတပ်သား ၈ ဦးခန့်သေဆုံးခဲ့သည့် ပုလဲမြို့ပေါ်တိုက်ပွဲအတွင်း စခန်းသိမ်းနိုင်သည်အထိ အသာရခဲ့သော်လည်း ကျည်မလုံလောက်၍ ပြန်ဆုတ်ခဲ့ရဟုဆို

Author မင်းထက်
Categories
Published on Mar 28, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားရာ မြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့ကို ယမန်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း ကျားသစ်နက်တပ်မတော်(Black Leopard Army)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်က တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား အင်အား ၈၀ ကျော် တပ်ဆွဲထားသော မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်း သုံးကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ထိုတိုက်ပွဲအတွင်း အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၅ နာရီခန့်ကြာမြင့်ခဲ့ရာတွင် စစ်သား ရှစ်ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြကြောင်း ကျားသစ်နက်တပ်မတော်ထံမှ သိရသည်။

 

ပုလဲမြို့ပေါ်က အဓိကစစ်ကောင်စီစခန်းနှစ်ခုကို သိမ်းပိုက်နိုင်လုနီးပါးအထိ အသာစီးရရှိခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

 

“ကျည်တစ်တောင့်ကို ၁၃,၅၀ဝ (ကျပ်)နှုန်းနဲ့ ဝယ်ရတယ်ဗျ။ ရန်ပုံငွေနည်းပါးမှုကြောင့် အရံကျည်ဖြည့်တင်းဖို့အတွက် လိုအပ်ချက်ရှိသွားပါတယ်ခင်ဗျာ။ ကျည်လိုအပ်ချက်ကြောင့်ပဲ အားနည်းချက်ဖြစ်ခဲ့ရပါတယ်ခင်ဗျာ။ တိုက်ခိုက်တဲ့ ဒီနှစ်နေရာကပဲ အဓိက​ ‌ေ-ွး တွေ နေနေတာပါ။ တိုက်ပွဲမှာ ခန့်မှန်း​ ‌ေ-ွး ရှစ်ကောင်သေတယ်လို့ သိရပါတယ်ခင်ဗျ။ ဒဏ်ရာရ ရဲဘော်တွေလည်း သက်သာပါတယ်” ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်(Black Leopard Army) ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ ၊ တိုးနယား တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၉ တပ်ရင်း၊ ဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့၊ ဒို့အညာပြောက်ကျားတပ်ဖွဲ့၊ 96 Soldiers နှင့် Scarlet တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။