စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးခဲ့သော သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၂၀ နီးပါး အလင်းဝင်ရန်ဆန္ဒပြုခဲ့သော်လည်း အရာရှိအမိန့်ကြောင့် ပျက်ပြယ်ခဲ့ဟုဆို

Author လဂွန်းအိမ်
Categories
Published on Jan 17, 2024

ချင်းပြည်နယ်(မြောက်ပိုင်း)၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီ ကြားကင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ နီးပါး အလင်းဝင်ရန် ဆန္ဒပြုခဲ့သော်လည်း အရာရှိအမိန့်ကြောင့် ပျက်ပြယ်ခဲ့ရကြောင်း မြေပြင်ရောက်တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်က ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်ရှိသူဟုယူဆရသူတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း CDF KKG မှ တပ်ဖွဲ့ဝင်လေးဦးအပါအဝင် ၈ ဦးကျဆုံးခဲ့သည့်အပြင် ၄၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း CDF Siyin က ထုတ်ပြန်ထားသည်။

 

“စခန်းကို ယမန်နေ့ မနက်အစောပိုင်းမှာပဲ သိမ်းပိုက်ရရှိခဲ့တာပါ။ လက်နက်ခဲယမ်းအမြောက်အများ ရရှိပါတယ်။ CDF KKG ဘက်ကတော့ တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ပါတယ်” ဟု CDF KKG တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီကြားစခန်းမကျဆုံးစေရေး စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေယာဉ်ပစ်ကူများဖြင့် အပြင်းအထန်ကာကွယ်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်များဘက်က ဆိုသည်။

 

ထိုတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ညှိနှိုင်းခဲ့ရာတွင် အလင်းဝင်ရန် ၂၀ နီးပါး ဆန္ဒပြုခဲ့သော်လည်း အရာရှိအမိန့် မလွန်ဆန်နိုင်သောကြောင့် ပျက်ပြယ်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

 

ယင်းစခန်းသည် ချင်းပြည်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းတို့ ဆက်သွယ်သည့် အဓိကလမ်းကြောင်းပေါ်တွင်ရှိပြီး မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်လည်း အဓိက အချက်အချာကြသည့် စခန်းဖြစ်သည်။

 

စခန်းတည်ရှိရာလမ်းမကြီးဖြစ်သည့် တီးတိန်-သိုင်းငင်း-ကလေးနှင့် ဖလမ်း-သိုင်းငင်း-ကလေး လမ်းတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက တိုက်ပွဲ‌များကြောင့် ပိတ်ထားခဲ့သည်။

 

သိုင်းငင်းစစ်ကောင်စီစခန်းမှာ ၂၀၂၂ ခုနှစ် အစောပိုင်းကာလများတွင် စစ်ကောင်စီမှ စတင်တပ်စွဲထားခြင်းဖြစ်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကာ နောက်ဆုံး ဇန်နဝါရီ ၁၂ ရက်နေ့မှစတင်ကာ ၁၆ ရက်နေ့အထိ ၅ ရက်ကြာတိုက်ခိုက်ခဲ့ပြီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

 

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် ယင်းစခန်းရှိ စစ်ကောင်စီ တပ်သား ၂ ဦး ထွက်ပြေးခဲ့ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ လိုက်လံရှာဖွေလျက်နေဆဲဖြစ်ပြီး အရှင်ဖမ်းမိသူ မရှိကြောင်း သိရသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲကို CNA၊ CDF CDM Siyin၊ CDF Hakha၊ CDF Thantlang၊ CDF Hualngo၊ CDF Zanniatram၊ CDF KKG၊ PDA နှင့် TCDF ပူးပေါင်းတပ်များက ပါဝင်တိုက်ခိုက်ခဲ့သည်။