စစ်ကောင်စီတပ်သားသုံးဦး KNU တပ်မဟာ ၄ ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ မြိတ်–ထားဝယ်ခရိုင် အတွင်းမှာရှိတဲ့ အခြေစိုက်တပ်စခန်းတွေက စစ်ကောင်စီတပ်သား သုံးဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ KNU မြိတ်–ထားဝယ်ခရိုင်က မနေ့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အခု ဇူလိုင် ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ KNU တပ်မဟာ ၄ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၁ ဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား သုံးဦးဟာ တနင်္သာရီမြို့နဲ့ ထားဝယ်မြို့အခြေစိုက် အမှတ် ၂၆၇၊ ၂၈၀၊ ၁၀၃ ခြေမြန်တပ်ရင်း (ခမရ) တွေကလည်း ဖြစ်ပါတယ်။
ခမရ ၂၆၇ တပ်ရင်းဟာ ထားဝယ်ခရိုင်အတွင်း အခြေစိုက်တပ်ရင်းတစ်ခုဖြစ်သလို ခမရ ၂၈၀ နဲ့ ခမရ ၁၀၃ တပ်ရင်းတွေဟာလည်း တနင်္သာရီမြို့ သိန်ခွန်း (သီးခို) ကျေးရွာအုပ်စု သိန်ခွန်း–မောတောင်ကားလမ်းမပေါ်မှာ တပ်စွဲထားတဲ့ တပ်ရင်းတွေလည်း ဖြစ်ပါတယ်။
ခမရ ၂၆၇ နဲ့ ခမရ ၂၈၀ ကနေ စခန်းစွန့်ခွာထွက်ပြေး အလင်းဝင်လာသူတွေဟာ သူတို့နဲ့အတူ MA1 သေနတ် နှစ်လက်၊ ကျည်ဘောက် ခုနစ်ခုနဲ့ ကျည်ဆံ ၂၁၀ တို့ကိုလည်း ယူဆောင်လာတယ်လို့လည်း သိရပါတယ်။ ခမရ ၁၀၃ ကနေ စစ်ကောင်စီတပ်သား နှစ်ဦး စခန်းစွန့်ခွာထွက်ပြေးလာချိန် စစ်ကောင်စီတပ်ရဲ့ လိုက်လံပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးခဲ့တယ်လို့လည်း KNU မြိတ်–ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNU တပ်ရင်း ၁၁ ဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား သုံးဦးနဲ့ပတ်သက်ပြီး KNU မြိတ်–ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း သိန်ခွန်းကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီ ခမရ ၂၂၄ က တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦးတို့ လက်နက်ခဲယမ်းတွေနဲ့အတူ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းဆီ လက်နက်ချ အလင်းဝင်လာခဲ့ပါသေးတယ်။
ဓာတ်ပုံ – KNU – Mergui-Tavoy District