စစ်ကောင်စီတပ်သားများ၏ အဓမ္မခေါ်ဆောင်ခံရမည်ကို ရန်ကုန် လူငယ်များ စိုးရိမ်နေ

Author ကိုထက်
Categories
Published on Nov 10, 2023

စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝှမ်းတိုက်ပွဲများအတွင်း အဘက်ဘက်မှ အင်အားပြုန်းတီးလာမှုများကြောင့် လူငယ်များကို အဓမ္မခေါ်ဆောင်မည်ကို ရန်ကုန်က လူငယ်များ စိုးရိမ်နေကြသည်။

 

ရန်ကုန်မြို့၏ လူစည်ကားရာနေရာများတွင် အမှတ်မထင် ရှောင်တခင်စစ်ဆေးပြီး၊ ကားပေါ်များသို့ ခေါ်ဆောင်သွားမှုများရှိကြောင်း သတင်းများထွက်ပေါ်နေ၍ လူငယ်များစိုးရိမ်နေခြင်း ဖြစ်သည်။

 

“ကျွန်တော်တို့လူငယ်တွေပဲ စုရုံးစုရုံးသွားလာနေတာက သူတို့ဘန်ကာတွေနားတို့၊ ဘာတို့မှာ ဟိုလိုလိုဒီလိုလို သွားမလုပ်နဲ့။ အဲဒါ ခေါ်ပြီးစစ်တာပဲ။ ကားတွေနဲ့လည်း ပတ်နေတာ။ တိုက်ပွဲတွေမှာလည်း သူတို့က တစ်နေ့ထက်‌တစ်နေ့ အင်အားတွေက လျော့လာတော့ ပေါ်တာဆွဲတာတို့​ ဘာတို့ကို အရမ်းစိုးရိမ်တယ်။ သင်တန်းတက်တဲ့ကိစ္စရှိလို့သာ အပြင်ထွက်နေရတာ။ တော်တော်ဂရုတစိုက် သွားလာနေရတယ်” ဟု ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးသို့ သင်တန်းလာတက်သည့် လူငယ်တစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်အနေဖြင့် ရှမ်းမြောက်အပါအဝင် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် နေရာများတွင် အသေအပျောက်များနေသည့်အတွက် ရန်ကုန်ကို ပိုမိုတင်းကျပ်ဖိနှိပ်လာမည်ကိုလည်း မြို့ခံများက စိုးရိမ်နေသည်။

 

“သူတို့က ဟိုဘက်တွေမှာ ခံနေရရင် သူတို့ဖိပြီးလုပ်လို့ရတဲ့နေရာကို မဲတာလေ။ မီးဖြတ်၊ ရေဖြတ်နဲ့၊ တစ်ခါတလေ အကြောင်းမရှိအကြောင်းရှာ စစ်တာဆေးတာတွေ၊ ငွေညှစ်တာတွေကလည်းရှိသေး။ စိုးရိမ်မှုကတော့ ရှိတာပေါ့။ သူတို့ပြုတ်မှ အဲဒီစိုးရိမ်မှုတွေကလျော့မှာ ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

 

နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီတပ်များ တော်လှန်ရေးတပ်ဖွဲ့များက နေ့စဉ်တိုက်ခိုက်လျက်ရှိရာ မြို့များသိမ်းယူနိုင်သည်အထိ အောင်မြင်မှုများ ရရှိလာနေသည်။

 

ထို့ကြောင့် ရန်ကုန်အပါအဝင် ၎င်းတို့နယ်မြေစိုးမိုးမှုရှိသောနေရာဒေသများကို စစ်ကောင်စီမှ ပိုမိုတင်းကျပ် ဖိနှိပ်လာခြင်းဖြစ်သည်။