စစ်ကောင်စီတပ်သားများစစ်ပွဲအတွက် အသင့်ပြင်ထားကြတဲ့ လောက်ကိုင်မြို့ နောက်ဆုံးအခြေအနေ

Author ဂျွန်နသန်
Categories
Published on Nov 06, 2023

၁၀၂၇ စစ်ဆင်‌ရေးပြုလုပ်နေတဲ့ ရှမ်းမြောက်ဒေသထဲ ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီစခန်း ကြီး၊ ငယ်တွေနဲ့ သူတို့ရဲ့လက်အောက်ခံစခန်းတွေအားလုံးအပြင် မြို့သိမ်းတိုက်ပွဲတွေအထိ ဆင်နွှဲနေကြတာပါ။

ဒါကြောင့် ရှမ်းမြောက်ဒေသထဲက စစ်ရေး၊ စီးပွားရေး အရေးပါတဲ့ လောက်ကိုင်မြို့နယ်ဟာလည်း မြို့တွင်းတိုက်ပွဲတွေမ‌ဖြစ်ပေါ်သေးပေမယ့် စစ်ရေးတင်းမာနေတဲ့အခြေအနေပါ။

ဒါကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေဟာ မြို့ထဲမှာ စစ်ပွဲအတွက် အသင့်အနေအထားပုံစံမျိုး နေရာယူထားတာကို တွေ့မြင်ခဲ့ရတယ်လို့ အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတချို့ထံမှ CJ Platform သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

လောက်ကိုင်မြို့ထဲက အွန်လိုင်းလောင်းကစားလုပ်ငန်း(ကျာဖြန့်)ပိုင်ရှင်တွေနဲ့ အလုပ်သမားများနေရပ်ပြန်သွားကြပြီဖြစ်လို့ သူတို့နေထိုင်ရာနေရာလွတ်တွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားကြတယ်လို့ အဲဒီက ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေက CJ Platform ကို ပြောပါတယ်။

” မြန်မာအများစုနဲ့ တရုတ်လူမျိုးအနည်းငယ်ပဲ ကျန်တယ်။ ကျာဖြန့်တွေ နေထိုင်ခဲ့တဲ့ တိုက်တွေထဲမှာ စစ်ကောင်စီတပ်သားတွေ အခိုင်အမာနေရာယူထားတယ်။ တချို့တိုက်တွေမှာ ဘန်ကာတွေနဲ့ အခိုင်အမာတည်ထားတယ်” လို့ လောက်ကိုင်ရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ရဲ့အဓိကကျတဲ့ လောက်ကိုင်မြို့မှာ အရင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ စစ်သား ၂/၃ ယောက်လောက်ပဲ စောင့်ကြပ်ခဲ့ရာမှ ယခုအခါ ဂိတ်တစ်ခုမှာ ၄/၅ ယောက်ခန့် စောင့်ကြပ်နေတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

အဲဒီဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေအပြင် သူတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်များလည်းပါဝင်ပြီး စစ်ဆေးရေးဂိတ်တစ်ခုစီတိုင်းမှာ လက်ဖြောင့်(စနိုက်ပါ)သေနတ်သမားတစ်ဦးစီတာဝန်ချထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကနေ စုံစမ်းသိရှိရပါတယ်။

ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပါက တစ်ယောက်၊ နှစ်ယောက်သာ အသက်ရှင်ပြန်ပြေးလာနိုင်တာတွေကြုံတွေ့ရဖန်များလာတာကြောင့် ပြည်သူ့စစ်တော်တော်များများ နုတ်ထွက်လိုတဲ့ဆန္ဒရှိနေကြတယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

” ဒီရက်က ပြည်သူ့စစ်တွေ လစာထုတ်ကြတယ်လေ။ တစ်ချို့ကလည်း ထွက်တော့မယ်ကြားတယ်။ တစ်ချို့က လာတိုက်ခံရရင် အသက်တော့အသေမခံဘူး။ လက်နက်ချမယ်ကြားတယ်” သူက CJ Platform ကို ပြောပါတယ်။

လောက်ကိုင်မြို့နယ်ထဲ ယနေ့အထိ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားမှုမရှိသေးပေမယ့် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစလို့ စစ်ကောင်စီဘက်က နေ့စဉ်ဆိုသလို လက်နက်ကြီးတွေနဲ့ ဘယ်နေရာသို့ ပစ်မှန်းမသိပစ်နေခဲ့တာကြောင့် မြို့တွင်းမတည်ငြိမ်မှုများဖြစ်ခဲ့တယ်လို့ အဲဒီမှာ ရှိနေသူတွေဆီက သိရပါတယ်။

ကျာဖြန့်သူဌေးများကိုလည်း စစ်ကောင်စီမှ ရဟတ်ယာဉ်နဲ့ သယ်ဆောင်ပြီး တရုတ်ဘက်သို့ ပို့ပေးနေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ သတင်း‌တွေပြန့်နှံ့လို့ နေပါတယ်။

“စစ်ရှောင်တွေရဲ့အခြေအနေ”

လက်ရှိ လောက်ကိုင်မြို့ထဲက စစ်ဘေးရှောင်တွေရဲ့အခြေအနေဟာလည်း ကြပ်တည်းလာနေကြပါတယ်။

စစ်ရှောင်လိုတဲ့ သူတွေအနေနဲ့ တုန်ချိန်အထွက် ၁၀၂၇ ဂိတ်အကျော်တွင် စစ်ရှောင်စခန်းတစ်ခုပြုလုပ်ထားတယ်လို့ သိရပါတယ်။

အဲဒီမှာ စစ်ရှောင်လိုသူများပြားလွန်းတာကြောင့် နေရာလုံလောက်မှုမရှိဘဲ အရင်ရောက်နှင့်သူက နေရာဦးထားကြတာပါ။

ဒါကြောင့် တိုက်‌နံဘေးမှာ ဖြစ်သလို အဖီဆွဲနေကြသလို မျက်ခင်းပြင်မှာ ထီးမိုးပြီး နေရသူတွေရှိနေကြတဲ့အပြင် နေစရာပျောက်နေသေးတဲ့ စစ်ရှောင်လိုသူတွေလည်း ရှိနေသေးတယ်လို့ လောက်ကိုင်ဒေသခံတစ်ဦးဆီက သိရပါတယ်။

” နေရာသွားကြည့်တော့ နေရာကမရှိတော့ဘူး။ မျက်ခင်းပြင်ပေါ်မှာနေမှရနိုင်မယ်။ တစ်ချို့တော့ ထီမိုးတွေနဲ့ နေကြတာရှိပေမယ့် မြွေပေါလွန်းတော့ မနေရဲဘူး။ ဘယ်လိုလုပ်ရမယ်တောင် မသိတော့ဘူး” လို့ အဲဒီ‌က စစ်ရှောင်လိုသူ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“ဆန်တစ်အိတ် ၁၀ သိန်းထိ မြင့်တက်လာတဲ့ကုန်ဈေးနှုန်း”

“ဘူးလေးရာ ဖရုံ ဆင့်” ဆိုသလိုပင် စစ်ဘေးသင့်နေတဲ့ လောက်ကိုင်မြို့သူ/မြို့သားတွေဟာ အငတ်ဘေးမှာ ဆိုက်တော့မယ့်အရေးဆိုက်လို့နေပါတယ်။

လောက်ကိုင်မြို့ရဲ့ လက်ရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနေပြီး အဓိကအစားအစာဖြစ်တဲ့ ဆန်တစ်အိတ်ကို တရုတ်ယွမ် ၂၅၀၀၊ မြန်မာငွေ ကျပ် ၁၀ သိန်းကျော်အထိရှိလာနေပြီဖြစ်တယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

စစ်ရေးတင်းမာလာတာကြောင့် မြို့တွင်းအသွားအလာကျဲပါးသွားတဲ့ လောက်ကိုင်မြို့မှာ ဈေးတွေဖွင့်ထားဆဲဖြစ်ပေမယ့် ဆိုင်အချို့သာ ဖွင့်လှစ်ရောင်းချနေကြပါတယ်။

တရုတ်နယ်စပ်မြို့ထဲ ဖွင့်လှစ်ထားတဲ့ဈေးဆိုင်တွေထဲ လက်ကျန်ကုန်များသာ ရောင်းချနေကြရပြီး ကုန်စည်စီးဆင်းမှုမရှိသလောက်နည်းပါးနေတဲ့အပြင် စက်သုံးဆီဆိုင် ၃/၄ ဆိုင်ခန့်သာ ဖွင့်ထားတယ်လို့ သိရပါတယ်။

ကားသမားတွေက လောက်ကိုင်ကနေ တရုတ်ပြည်ထဲအထိ မှန်လုံကားတွေနဲ့ လူတစ်ဦး ယွမ်၂၅၀၀ နှုန်းကောက်ခံကာ လိုင်းပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးပါတီ(UWSA)တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေများတွင် တရုတ်လူမျိုးတွေကိုပဲ ပြန်ခွင့်ပေးထားတယ်လို့ အဲဒီက ဒေသခံတွေဆီက သိရပါတယ်။

” ကားမောင်းတတ်တဲ့သူက တရုတ်လိုပြောတတ်မှ ‘ဝ’ပြည်ထဲ ဖြတ်လို့ရတယ်။ တလောက ချင်းရွှေဟော်ကို ဆိုင်ကယ်နဲ့ပြန်တဲ့သူ အပစ်ခံလိုက်ရတယ်ကြားတယ်” လို့ လောက်ကိုင်မြို့မှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့တွင် လမ်းပြန်ဖွင့်ပေးမယ်လို့ ကြားသိထားရပြီး လမ်းပြန်ဖွင့်ပေးပါက ပြန်လိုတဲ့ ရွှေ့ပြောင်းအလုပ်သမား များစွာရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာလဆန်းပိုင်းကစလို့ လောက်ကိုင်မြို့နယ်ထဲ ဖုန်းနဲ့ အင်တာနက်လိုင်းတွေအားလုံးကို စစ်ကောင်စီဘက်က ယနေ့အထိ ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။
(CJ Platform ရဲ့သတင်းရင်းမြစ်တွေဆီကိုတော့ အဲဒီမြို့ထဲ အသုံးပြုလို့ရတဲ့ ဆက်သွယ်ရေးကွန်ရက်တွေနဲ့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးအရ ဘယ်ဆက်သွယ်ရေးကွန်ရက်နဲ့ ချိတ်ဆက်ခဲ့သလဲဆိုတာ မဖော်ပြရခြင်းဖြစ်ပါတယ်။)

စစ်ရိပ်တွေကဲနေတဲ့မြို့လေးထဲမှာ လူတွေဟာလည်း ကျီးလန့်စာ စားပြီး နေထိုင်နေကြရပါတယ်။