စစ်ကောင်စီတပ်မှ ဓာတုလက်နက်သုံးကာ ထီးချိုင့်မြို့အား ပစ်ခတ်

Author မင်းထက်
Categories
Published on Dec 16, 2023

စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လျက်ရှိသော စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့အား စစ်ကောင်စီက လေကြောင်းဖြင့် ဓာတုလက်နက်သုံး ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း Northern ABSDF မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့​ပြောသည်။

 

ဒီဇင်ဘာလ  ၁၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တိုက်လေယာဥ် နှစ်စင်းသည် ထီးချိုင့်မြို့ ပတ်ဝန်းကျင်သို့ ပေါင် ၅၀၀ ဗုံးများ ကြဲချသည့်အပြင် လေယာဥ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ လေယာဥ်ဗုံးကြဲမှုကြောင့် ပြည်သူ့တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိသော်လည်း နေ့လယ်ပိုင်းအချိန်တွင် မူးဝေအော့အန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း Northern ABSDF ၏ တာ၀န်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

” ပစ်ခတ်မှု​အပြီး ၂ နာရီ ၃ နာရီပတ်ချာလည်မှာ မီးခိုးငွေ့ကို ရှုမိတဲ့သူတွေ မူးဝေအော့အန်တာမျိုးဖြစ်ခဲ့တယ်” ဟု အထက်ပါတာ၀န်ရှိသူက ဆိုသည်။

 

ထိုမူးဝေအော့အန်သော ရဲဘော်များမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

 

၄င်းနည်းတူ  နိုဝင်ဘာ ၂၃ ရက်နေ့တက တရုတ်နယ်စပ် နမ့်ခမ်းမြို့ စခန်းသစ် လုံခြုံရေးကုန်းကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ထားချိန်၊ ရှမ်းမြောက် နမ့်စလပ်စခန်းကို စစ်တပ်က ဓာတုဗုံး(၄) လုံးနဲ့ ပစ်ခတ်ခဲ့ပြီး ၊ ဒီဇင်ဘာ (၃) ရက်နေ့တွင် ပလက်ဝမြို့နယ် တရွန်အိုင် ဗျူဟာနှင့် နှုံးဘူး ဗျူဟာ စခန်းကုန်းတိုက်ပွဲများတွင် စစ်တပ်က Chemical Warfare Agents ဓာတုဓာတ်ငွေ့ ဗုံးများကို တိုက်လေယာဥ်မှ ကြဲချတိုက်ခိုက်ခဲ့မှုများ ကျူးလွန်ခဲ့သည်။