စစ်ကောင်စီတပ်မှ ထုတ်ပေးထားသည့် လက်နက်များ အလိမ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင် ဖမ်းဆီးခံရ

Author ကိုပေါက်
Categories
Published on Dec 01, 2022

မြင်းခြံမြို့နယ် ဗလုံကျေးရွာတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်မှ အပ်နှံထားသည့် လက်နက် ၊ခဲယမ်းများ
ပျောက်ဆုံးသည့်ကိစ္စဖြင့် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင်ကို ဖမ်းဆီးစစ်ဆေးနေသည်ဟု မြို့ခံများထံမှ သိရသည်။

ဗလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ပြည်သူ့စစ်ခေါင်းဆောင်ဦးဝင်းမြင့်တို့ နှစ်ဦးထံတွင် စစ်ကောင်စီတပ်က လက်နက်များ အပ်နှံထားရာတွင် လက်နက် ၄ လက်၊ ကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၄ ခု၊ လွယ်ကြိုး ၃ ချောင်း ပျောက်ဆုံးနေသည့်ကိစ္စဖြင့် ဖမ်းဆီးခံရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“ပြည်သူ့စစ်က ဝင်းမြင့်နာမည်က ဌက်ဖြူလေးလို့ ခေါ်တာ လျှင်တယ် မြန်တယ် လည်တယ်ပေါ့ဗျာ အခုသေနတ်ကိစွက ပျောက်တာမဟုတ်ဘူး အလိမ်ခံရတာ ဘယ်သူမှန်းမသိသူတွေက ရဲတွေဆိုပြီး လိမ်ပြီး လာယူသွားတာ”ဟု ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက ဗလုံကျေးရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင်ထိုင်နေစဥ် ရဲဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားငါးဦးမှ ခရိုင်ရဲတပ်ဖွဲ့မှ သေနတ်များပြန်အပ်ပါဟု ပြောဆို၍ သိမ်းယူသွားသည်ဟု အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်ကို ဖုန်းမဆက်ဘဲ ခရိုင်က ရဲတွေဆိုတော့ အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်အပြင် ဖုန်းပါပေးလိုက်သေးတယ် အခု ရဲဘက်ကိုတော့ ဟုတ်မဟုတ်စစ်ဆေးနေတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ဗလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမြင့်တို့နှစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်စစ်ဆေးနေသော်လည်း လက်နက်များ ပြန်မရသေးကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရဲအတု #လက်နက် #ပြည်သူ့စစ်