စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသည့် စက်မှုဇုန်များတွင် ထရန်စဖော်မာများ အလုံးလိုက်အခိုးခံရ

Author ကိုပေါက်
Categories
Published on Dec 02, 2022

စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသည့် ရန်ကုန်တိုင်းရှိ စက်မှုဇုန်အချို့တွင် မီးကြိုးများနှင့် ထရန်စဖော်မာများ အလုံးလိုက်အခိုးခံရ၍ ပိုင်ရှင်များက တိုင်ကြားမှုများရှိသည်ဟု လုပ်ငန်းရှင်တွေဆီက သိရသည်။

တောင်ဒဂုံ၊ လှိုင်သာယာနှင့် ရွှေပြည်သာစက်မှုဇုန်များတွင် ဘေးအန္တရယ်ကင်းရှင်းစေရန် စစ်ကောင်စီတပ်များက လုံခြုံရေးယူသည့်အချိန်မှစ၍ ပစွည်းများ ပျောက်ဆုံးမှုများ ဖြစ်လာသည်ဟု တောင်ဒဂုံစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက CJ Platform ကိုပြောသည်။

“မီးပျက်ပြီဆိုတာနဲ့ မီးကြိုးတွေ မြောင်းဖုံးတွေ ဖြုတ်ယူတာတွေရှိတယ် အဲ့လိုတွေလုပ်နေလို့ စစ်တပ်ကို အကြောင်းကြားလိုက်တာ မနက်ပိုင်းတွေပါ ခိုးတဲ့အထိဖြစ်လာတယ်”ဟု ပြောသည်။

ရွှေပြည်သာစက်မှုဇုန်တွင် မီးကြိုးနှင့် မီးစက်များ ခိုးယူခံရ၍ သံပန်းခြံစည်းရိုးခတ်လိုက်ရာ ကာရံထားသည့် ခြံစည်းရိုးသံပန်းများပါ ခိုးယူသွားသည်ဟု စက်မှုဇုန်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ဘယ်လောက်ဆိုးလဲဆိုတော့ သံပန်းတံခါးတောင် ဖြတ်ခိုးသွားတယ်ဆိုတော့ စဥ်းစားသာကြည့်တော့ မီးပျက်ရင်အခု ဓားပြတိုက်မှာထက် သူခိုးကိုပိုကြောက်နေရတယ်”ဟု ရှင်းပြသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၇ တွင် စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသည့်ကြားမှပင် ထရန်စဖော်မာတစ်လုံး ခိုးယူသွားသည်ဟု လုပ်ငန်းရှင်တစ်ဦးက CJ Platform ကို ပြောသည်။

“အခုကိစ္စက ကြားလို့တောင်မကောင်းဘူး ထရန်စဖော်မာတောင် အလုံးလိုက်ခိုးသွားတာ မီးမရှိလို့ မဖြစ်တဲ့ကိစ္စဖြစ်နေတော့ လုပ်ငန်းရှင်တွေပဲ ဝိုင်းပြီး ပိုက်ဆံစုဝယ်လိုက်ရတယ် ဒီကိစွတွေကို တိုင်ထားပေမဲ့ ဘာမှ ထူးလာတာမရှိဘူး”ဟု ပြောသည်။

ခိုးယူခံရသည့်အချိန်များမှာ ညမထွက်သည့်အမိန့်ထုတ်ပြန်ထားသည့် အချိန်များဖြစ်ပြီး မီးပြတ်တောက်သည့်အချိန်များလည်းဖြစ်သည်ဟု စက်မှုဇုန်တွင် နေထိုင်သူများထံမှ သိရသည်။