စစ်ကောင်စီတပ်များတွေ့ဆုံပွဲပြီး လက်ရေတစ်ပြင်တည်း ထမင်းအတူတူစားနေစဥ် ဗိုလ်ကြီးကို တပ်ကြပ်မှ ထိုးကြိတ်

Author အောင်နိူင်သူ
Categories
Published on Sep 29, 2022

နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် အရာရှိနှင့် အခြားအဆင့်များ တွေ့ဆုံပွဲတွင် လက်ရေတစ်ပြင်တည်း ထမင်းအတူစားကြရာ ဗိုလ်ကြီးကို တပ်ကြပ်တစ်ဦးက ထိုးကြိတ်ခဲ့သည်ဟု စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရသည်။

နေပြည်တော်စစ်ဌာနချုပ်တွင် ပြီးခဲ့သည့်ရက်က နေပြည်တော်တိုင်းမှူးလာရောက်ကာ တပ်ရင်း၊ တပ်မ၊ တပ်ခွဲများရှိ အခြားအဆင့်များနှင့် အရာရှိကြီးများတွေ့ဆုံပြီး ထမင်းလက်ဆုံစားကြရာမှ ထိုးကြိတ်မှုဖြစ်ခဲ့တာဖြစ်သည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

“နေပြည်တော်မှာက ခြေလျင် ခြေမြန် တပ်ရင်း သုံးရင်းလေးရင်းလောက်ပဲရှိတယ် ခလရ တို့ ခမရ တို့မှာ ပြသာနာအခံ ရှိမယ်ထင်တယ် ဗိုလ်ကြီးကို မင်းစောက်ချိုးတွေအဆင်ပြေမနေဘူးနော် ဆိုပြီးထထိုးတာ နာမည်တွေတော့ပြောလို့ မကောင်းလို့မပြောတာ”ဟု CJ Platform ကိုပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့် တပ်ရင်း/တပ်ဖွဲ့များမှ စစ်သည်များကို တွေ့ဆုံကာ စည်းရုံးရေးဆင်းခဲ့တာဖြစ်သည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်က အရာရှိနဲ့အခြားအဆင့် တွေ့ဆုံပြီး လက်ရေတစ်ပြင်တည်း စားသောက်ကြပေါ့ ဦးသန်းရွှေတုန်းကလို ဒါပေမဲ့ မရဘူး အခုက တပ်တွင်းမှာ ပြိုကွဲနေတာ”ဟု အငြိမ်းစား စစ်မှုထမ်းဟောင်း အရာရှိတစ်ဦးမှ CJ Platform ကိုပြောသည်။

လက်ရှိအခြေအနေတွင် ဗိုလ်ကြီးမှာ ထိုးကြိတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုးကြိတ်ခဲ့သည့် တပ်ကြပ်ကိုတပ်တွင်းအချုပ်ထောင်ကို ပို့ဆောင်ထားသည်ဟု သိရသည်။