စစ်ကောင်စီတပ်များကို တပြိုင်တည်းဝင်တိုက်ရန် ညီနောင်သုံးဖွဲ့တိုက်တွန်း

Author ကိုထားဝယ်
Categories
Published on Oct 31, 2023

၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းမြောက်တွင် စစ်ကောင်စီတပ်များကို ချေမှုန်းတိုက်ခိုက်နေသော ညီနောင်မဟာမိတ်သုံးဖွဲ့က အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ကြရန် တိုက်တွန်းကြောင်း ယနေ့တွင် ထုတ်ပြန်သည်။

 

“ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့်ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ လေးလေး နက်နက် တိုက်တွန်းလိုက်ပါသည်” ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

၎င်းတို့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရပြီး ဤသည်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး အတွက် အကြိုနိမိတ်ပင်ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

 

လတ်တလော ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLA နှင့် ရခိုင်တပ်တော် AA တို့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ပူးပေါင်းတိုက်ခိုက်နေသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တဆလး)နှင့် ဗမာပြည်သူ့လွတ်မြောက်တပ်တော်(BPLA)တို့က ၎င်းတို့အခြေစိုက်ရာဒေသများမှ ဝင်ရောက်တိုက်ခိုက်နေသည်။

 

အလားတူ ကရင်အမျိုးသားလွတ်မြောက်ရေးအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် PDF ပူးပေါင်းအဖွဲ့များကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် တိုက်ပွဲများဆင်နွှဲခဲ့ကြသည်။

 

၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံစခန်းများ စုစုပေါင်း ၈၀ ကျော်ကို ညီနောင်မဟာမိတ်များက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်မြို့တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီးဖြစ်သလို သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ထိုပူးပေါင်းအဖွဲ့က ထုတ်ပြန်ချက်များအရသိရသည်။