စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲ မော်တာကျည်ကျပြီး ရိုဟင်ဂျာ ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

Author မောင်ဒဂုံ
Categories
Published on Sep 18, 2022

ရခိုင်ပြည်နယ်၊ မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ မော်တာကျည်ဆန်များ ကျရောက်မှုကြောင့် ရိုဟင်ဂျာတစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် ရက္ခိုင့်တပ်တော် နှင့် တကျော့ပြန် တိုက်ပွဲများ ဖြစ်နေသည့် စစ်ကောင်စီတပ်က မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်၏ စစ်လေယာဥ်မှ ပစ်ခတ်လိုက်သည့် မော်တာကျည်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။

အဆိုပါ မော်တာကျည်ပေါက်ကွဲမှုကြောင့် အသက် ၁၇ နှစ်အရွယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ Md Iqbal ဆိုသူ လူငယ်တစ်ဦး သေဆုံးခဲ့ရပြီး အခြာငါးဦးထက်မနည်း ဒဏ်ရာများရရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhaka Tribune က သတင်းတစ်ရပ်တွင်ဖော်ပြထားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ရာတွင် အထိနာနေသည့် စစ်ကောင်စီတပ်က လေကြောင်းမှ အင်အားသုံး တိုက်ခိုက်ခြင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျည်များ မကြာခဏ ကျသည့် ဖြစ်စဥ်များ ဖြစ်နေသည်။

ထို့ကြောင့်ပင် စစ်ကောင်စီ သံအမတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ခေါ်ယူသတိပေးခြင်းကို သုံးကြိမ် ခံယူထားရပြီး ဖြစ်သည်။

၂၀၁၇ခုနှစ်အတွင်း မြန်မာစစ်တပ်မှ ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နှင့် ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီး ရိုဟင်ဂျာ ၇သန်း ၄သောင်းကျော်မှာ နေရပ်စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ရသည်။