စစ်ကောင်စီတပ်က နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ပြည်သူနှစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရ

Author အဂ္ဂ
Categories
Published on Nov 21, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းဒေသတွင် အခြေစိုက်သော စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းမှ ယနေ့ နေ့လယ် (၄) နာရီခန့်တွင် နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့တွင်းရှိ အရပ်သားပြည်သူ နှစ်ဦးသေဆုံးကာ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ်မတော် (TNLA) က ယနေ့ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

စစ်ကောင်စီ၏ လက်နက်ကြီးသည် နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက်တွင်းရှိ အသက် (၄၀) ကျော်အရွယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သားပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၀)  ညဉ့်သန်းခေါင်ယံတွင်လည်း နမ့်ဆန်မြိုနယ်ရှိ အုန်းစွမ်ရွာကို နမ့်ဆန်မြို့ အခြေစိုက်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် (၁၄) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

 

ထို့အပြင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင်လည်း နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်းနှင့် ကျောက်မဲမြို့တပ် စခန်းများမှနေ၍ မြို့သစ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် (၃၂) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သေးသည်ဟုလည်း သိရသည်။

အလားတူပင် ယမန်နေ့ နေ့လယ် (၁) နာရီ (၃၆) မိနစ်တွင် မူဆယ်မြို့နယ်ရှိ (၁၀၅) တပ်စခန်းမှ နမ့်တောင်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပတ်ခတ်ခဲ့ရာ ရွာရှိ ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲကာ ကျောင်းအနီးနေထိုင်သည့် အသက် (၇၀) အရွယ် အဖွားအိုတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

 

ထို့အပြင် နမ့်ခမ်းမြို့နယ် ကောင်းကပ်ကျေးရွာအတွင်းသို့လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပတ်ခတ်ရာ မပေါက်ကွဲပဲ ကျန်ရှိနေသေးသည်ဟု ဆိုသည်။

ထိတွေ့တိုက်ပွဲများတွင် အထိနာလျက်ရှိသော စစ်ကောင်စီသည် တိုက်ပွဲမဖြစ်ပွားသည့် အချိန်တွင်လည်း အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ  လေကြောင်းမှ ဗုံးကြဲခြင်း၊ အခြေစိုက်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ နေ့စဉ်ရက်ဆက်ဆိုသလို လုပ်ဆောင်လျက်ရှိပြီး ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ (၂၇) မှ ယနေ့ (နိုဝင်ဘာ ၂၁) အထိ (၂၆) ရက်တာကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် တအာင်းဒေသရှိ အရပ်သားပြည်သူ (၅၀) ကျော် သေဆုံးခဲ့ကာ (၁၀၀) နီးပါးထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု တအာင်းတပ်မတော် (TNLA) ၏ ထုတ်ပြန်ချက်အရသိရသည်။