စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ယင်းမာပင်ဒေသခံ ၈၀ဝ၀ ကျော်ထွက်ပြေးနေရ

Author မင်းထက်
Categories
Published on Mar 23, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ဒေသခံ ပြည်သူ ၈၀ဝ၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

ယမန်နေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာသော သံပြားကာကား ၅ စီးသည် ချင်းတွင်းတံတားကိုဖြတ်၍ ယင်းမြို့နယ်၊ အောင်ဇေယျမြို့သစ်ဘက်သို့ ကူးလာခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ စတင်စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

“စစ်ကြောင်းက ယင်းမာပင်မြို့နယ် အရှေ့ခြမ်းက ရွာတွေဘက် ရောက်နေတယ်။ မုံရွာ-ပုသိမ် ကားလမ်းဘက်မှာ မိုင်းကွင်းရှင်းရင်းနဲ့ဝင်လာတာ။ စခအင်အား ၁၅၀ လောက်ရှိတယ်။ အနီးနားက ရွာပေါင်း ဆယ်ရွာက ပြည်သူ ရှစ်ထောင်ကျော် အရေးပေါ်စစ်ရှောင်နေရတာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ကြောင်းသည် မတ်လ ၂၃ ရက်နေ့တွင် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေပြီး ပစ်ခတ်သံများကြားရသော်လည်း ယင်းအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးကြောင်း အထက်ပါ ကူညီရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

 

ယနေ့ မတ်လ ၂၃ ရက်အထိ ဒေသခံ ကျေးရွာ ၁၀ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး အကူညီများလိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။