စစ်ကောင်စီခန့် ဝန်ကြီးချုပ်တက်ရောက်သည့် လမ်းလျှောက်ပွဲ ဗုံးကွဲသဖြင့် ဝန်ကြီးချုပ်ကတော် ဆေးရုံတင်ရ

Author လဂွန်းအိမ်
Categories
Published on Dec 24, 2023

စစ်ကောင်စီခန့်အပ်ထားသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် ပါဝင်တက်ရောက်ခဲ့သည့် ဒီဇင်ဘာ ၂၃   မုံရွာမြို့စုပေါင်းလမ်းလျှောက်ပွဲအား ဗုံးခွဲတိုက်ခဲ့ကြောင်း Goldern Eagle Force-Monywa ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဒီဇင်ဘာအားကစားလ မုံရွာကန်သာယာလမ်းလျှောက်ပွဲ၌ နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် လုံခြုံရေးယူကာ လမ်းလျှောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Goldern Eagle Force-Monywa အဖွဲ့နှင့် မြို့ပြ UG အဖွဲ့တို့ပူးပေါင်းကာ မိုင်းပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

စစ်ကောင်စီဝန်ကြီးချုပ်ကို ဦးတည်ပစ်ခတ်ခဲ့သော်လည်း ဂျန်ဘာများကြောင့် နောက်ကျပေါက်ကွဲခဲ့ကာ လုံခြုံရေးစစ်သားများနှင့် Non-CDM ဝန်ထမ်းများ ထိခိုက်သွားပြီး သေဆုံးမှုရှိနိုင်ကြောင်း ထုတ်ပြန်ချက်မှ ဆိုသည်။

 

ယင်းတိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ်ကတော်မှာ ကြောက်လန့်၍ နှလုံးဖောက်သဖြင့် ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

 

အဆိုပါလမ်းလျောက်ပွဲများအား မုံရွာမြို့တွင် အပတ်စဉ်ကျင်းပခဲ့ပြီး ယခုလမ်းလျောက်ပွဲတွင် ဝန်ကြီးချုပ်တက်ရောက်မည် ဖြစ်သဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ မဖြစ်မနေ တက်ရောက်ခိုင်းကြောင်း မုံရွာမြို့ခံတစ်ဦးထံမှ သိရသည်။

 

Goldern Eagle Force-Monywa အနေဖြင့် မုံရွာမြို့ပြအတွက် မစ်ရှင်များထပ်မံတိုးမြှင့်လုပ်ဆောင်မည်ဖြစ်သဖြင့် စစ်ကောင်စီနှင့် ဝေးရာတွင်နေကြရန် ထုတ်ပြန်ချက်တွင်တိုက်တွန်းထားသည်။

 

ဓာတ်ပုံ – pro-SCA

 

ပုံစာညွှန်း – ဦးမြတ်ကျော် တက်ရောက်ခဲ့သည့် လူထုလမ်းလျှောက်ပွဲအား မြင်ရပုံ