စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်အပါအဝင်သုံးဦး ထောင်ဒဏ် အသီးသီး ချမှတ်ခံရ

Author ကိုပေါက်
Categories
Published on Dec 08, 2022

စစ်ကောင်စီက ခန့်အပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် သုံးဦးကို ယနေ့ နံနက်ပိုင်းတွင် အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်ဟု အကျဥ်းဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဟောင်းဦးလှစိုးကို ပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၁၅နှစ် ၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို အဂတိပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၂၀ နှစ် ၊အတွင်းရေးမှူး ဦးစိုးစိုးဇော်ကို ပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သုံးဦးစလုံးပုဒ်မတူပေမဲ့ ဦးစိုးစိုးဇော်က ပုဒ်မနှစ်ခုနဲ့ ပုဒ်မ ၅၅ နဲ့၅၆ သူက နောက်ထပ်အမှု ရှိဦးမယ်နဲ့တူတယ် ဒီနေ့မနက် အမိန့်ချတာပါ”ဟု ရှင်းပြသည်။

ဝန်ကြီးချုပ်ဟောင်းဦးလှစိုးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရေကြည်အိုင်စစ်ကြောရေးတွင် စစ်ဆေးကာ ဦးအောင်သန်းဦးကို မတ်လအတွင်း ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်သည်ဟု တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“အပြန်အလှန်ဖော်ကြရင်း နောက်ဆုံးတာဝန်ကပါ နားပြီး ထောင်ကျတဲ့အဆင့်ထိဖြစ်တာ “ဟု ပြောသည်။

ဝန်ကြီးဟောင်း ဦးအောင်သန်းဦး၏ ဝန်ခံချက်ဖြင့် တိုင်းအတွင်းရေးမှုးဦးစိုးစိုးဇော်ကို မေလအတွင်းမှာ စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့တာဖြစ်သည်။

ဖမ်းဆီးပြီးနောက် အင်းစိန်အကျဥ်းထောင်သို့ ပို့ဆောင်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သက်ဆိုင်ရာမြို့နယ်အသီးသီးမှာ အဂတိပုဒ်မများဖြင့် တရားစွဲဆိုခဲ့တာဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ဦးလှစိုး စီးပွားရေးဝန်ကြီးအဖြစ် ဦးအောင်သန်းဦးနှင့် တိုင်းအတွင်းရေးမှူးအဖြစ် ဦးစိုးစိုးဇော်တို့ကို စစ်ကောင်စီက ခန့်အပ်ခဲ့တာဖြစ်သည်

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဦးလှစိုး #ဦးအောင်သန်းဦး #ဦးစိုးစိုးဇော်