စစ်ကောင်စီက အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံ ပေးပို့ကာ တရားမျှတမှုဖော်ဆောင်မည်ဟု NUG ထုတ်ပြန်

Author မွန်လေး
Categories
Published on Jan 08, 2023

 

စစ်ကောင်စီက အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများကို မှတ်ထမ်းတင် ထိန်းသိမ်းထားရှိပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ကာ တရားမျှတမှု ဖော်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တွင် ပုသိမ်ထောင်အတွင်း စစ်အုပ်စု လက်အောက်ခံ ထောင်၀န်ထမ်းများ၏ အကြမ်းဖက်မှုကြောင့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးကာ ၇၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပျောက်ဆုံးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်က ကို၀င်းမင်းထက် အပါအ၀င် မတရားဖမ်းဆီး အကျဉ်းကျခံနေရသည့် ပြည်သူ ရှစ်ဦးသည် ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်ပြီး အကျဉ်းထောင် တာ၀န်ရှိသူများက ဇန်နဝါရီ ၅ ရက် ည ၁၁ နာရီတွင် အဆိုပါ ရှစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့ပြီး ကို၀င်းမင်းထက်သည် လက်ရှိအချိန်ထိ ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၆ ရက် နံနက်တွင် အင်အား ၅၀ ခန့်ပါသည် ထောင်၀န်ထမ်းများဖြင့် အကျဉ်းချခံထားရသူများကို အကြမ်းဖက်နှိပ်စက်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ကိုဝေယံဖြိုး အသက်ဆုံးရှုံးခဲ့ကာ၊၉ ဦးသည် အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း၊ ထောင်တွင်းအကြမ်းဖက်မှုတွင် ထောင်၀န်ထမ်းမဟုတ်သည့် ရဲနှင့် စစ်ဥပဒေ ချိုးဖောက်မှုကြောင့် အကျဉ်းချခံထားရသူ အယောက် ၂၀ ခန့်လည်းပါ၀င်ကြောင်း လူ့အခွင့်အရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခု ဖြစ်စဉ်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ထောင်တွင်းအကြမ်းဖက်မှုများ၊ ညှဉ်းပန်း နှိပ်စက်မှုပေါင်းများစွာ အနက်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ယခု ဖြစ်စဉ်အပါအ၀င် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ ညှဉ်းပန်းနှိပ်စက်မှုများနှင့် မတရားသတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းပြီး သက်ဆိုင်ရာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်းအပါအ၀င် နည်းလမ်းမျိုးစုံဖြင့် တရားမျှတမှုဖော်ဆောင်ရန် ကြိုးပမ်းသွားမည်ဟု လူ့အခွင့်အရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပုံစာညွှန်း- ထောင်တွင်းအကြမ်းဖက်မှုကြောင့် အသက်ဆုံးပါးခဲ့ရသည့် ကိုဝေယံဖြိုး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပုသိမ်အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား