စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားသည့် တာတိုင်ရွာသားများ ယနေ့အချိန်ထိ ပြန်မလွတ်သေး

Author ခေတ်နီ
Categories
Published on Dec 09, 2022

 

စစ်ကောင်စီက လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းခေါ်သွားသည့် တာတိုင်ကျေးရွာသား ၁၇ ဦး အနက်မှ ၁၅ ဦးသည် ယနေ့အချိန်အထိ ပြန်လည်ရောက်ရှိခြင်းမရှိသေးပဲ တစ်ဦးသာပြန်လည်ရောက်ရှိပြီး တစ်ဦးကိုတော့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ခင်ဦးဒေသခံများထံမှ သိရသည်။

အဆိုပါ တာတိုင်ရွာသားများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာချိန် စစ်ကောင်စီစစ်ကြောင်းကို တိမ်းရှောင်ရင်း စစ်ကြောင်းနှင့် ထိပ်တိုက်တိုးခဲ့တာကြောင့် ဖမ်းဆီးခြင်း ခံလိုက်ရတာပဲ ဖြစ်သည်။

ထိုသို့ ရွာသားများကို ဖမ်းဆီးပြီးနောက် အဆိုပါစစ်ကြောင်းသည် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး ဖမ်းဆီးခံထားရသူများအနက် အသက်မပြည့်သေးသူ သုံးဦးလည်း ပါဝင်နေကြောင်း သိရသည်။

“စစ်ကြောင်းက ရွှေဘိုဖက်ကနေလာတာ စစ်ကြောင်းက၂ ကြောင်း ဒီပဲယင်းက စစ်ကြောင်းပေါ့ ရွာတွေမီးရှို့လာတယ် သူတို့ကိုခေါ်သွားတာက ဒီပဲယင်းစစ်ကြောင်းပေါ့ ကျတော်တို့ကြားတာက
လူသားဒိုင်းအလုပ်ခံနေရတယ် ကြားတယ် ခုထိတော့တယောက်သေပြီး တယောက်ပဲပြန်တွေ့သေးတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

စစ်ကောင်စီစစ်ကြောင်း၏ ဖမ်းဆီးသွားသည် တာတိုင်ကျေးရွာဒေသခံများသည်
ဦးမဲ ၊ကိုသိန်းသန်းဝင်း ၊ဦးဉာဏ်လွင် ၊ကိုမောင်ဦး၊ဦးမိုး၊ ဦးစော၊ ကိုမျိုးသူ ၊မောင်ဟိနိးသူရကျော် ၊ဦးထွန်းနိုင်ဦး၊ ကိုသီဟ ၊မောင်မင်းခန့်ရေ ၊မောင်နေဇင် ၊ကိုဖိုးရှမ်း ၊ကိုရဲကို၊ကိုဖြိုး ၊ဦးကျော်လင်း ၊ဦးမန်းတို့ဖြစ်ပြီး ၎င်းတို့အနက်မှ ဦးကျော်လင်းကို အသက်ရှိလျက်ဖြင့် ဒေသခံများမှပြန်လည်တွေ့ရှိခဲ့ရပြီး ဦးမန်းကိုတော့ မေးစေ့သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်းလဲ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူများသည် ကျေးရွာ လေးရွာမှ ဒေသခံ ၃၀ နီးပါးထိရှိနေပြီး အသက်မပြည့်သူများနှင့် သံဃာတစ်ပါးလည်း ပါဝင်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ကျေးရွာ ၁၂ ရွာမှာပျက်စီးခဲ့ရပြီး အင်ပင်နှင့် နများကျေးရွာများသည် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရကြောင်းသိရသည်။

ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ပုံစာညွှန်း- ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအား တွေ့ရပုံ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #တာတိုင်ကျေးရွာ #လူသားဒိုင်း