စစ်ကောင်စီက ဖျက်စီးနေသည့် မြန်မာ့ပညာရေးကို ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများရှာဖွေနေဟု တောင်ကိုရီးယားဆို

Author လင်းခိုင်
Categories
Published on Oct 20, 2022

စစ်ကောင်စီက ဖျက်စီးနေသည့် မြန်မာ့ပညာရေးကို ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများရှာဖွေနေကြောင်း တောင်ကိုရီးယားသမ္မတနိုင်ငံ၊ အစိုးရဆိုင်ရာ နိုင်ငံတော်သုတေသန ကောင်စီ ဥက္ကဌ မစ္စတာ ဂျောင်ဟဲဂူးကပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ရေးရာ ပြည် ထောင်စု၀န်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် တောင်ကိုရီးယားသမ္မတနိုင်ငံ၊ အစိုးရဆိုင်ရာ နိုင်ငံတော်သုတေသန ကောင်စီ ဥက္ကဌ မစ္စတာ ဂျောင်ဟဲဂူးတို့ အောက်တိုဘာ ၁၉ရက်တွေ့ဆုံရာ၌ ကောင်စီဥက္ကဌက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဥက္ကဌ မစ္စတာ ဂျောင်ဟဲဂူးက မြန်မာ့ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာနေသည်မှာ အတော်ကြာပြီဖြစ်ကြောင်း၊ အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် အထူးစိတ်မကောင်းဖြစ်မိကြောင်း၊ စစ်ကောင်စီမှ ဖျက်စီးနေသည့် မြန်မာ့ပညာရေးကို ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဖက်ဒရယ်ရေးရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကြောင့် လူငယ်များ၊ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ကလေးသူငယ်များ ကျောင်းဆက်မတက်နိုင်မှုသည် အထူး စိုးရိမ်စရာဖြစ်နေကြောင်း အနာဂတ်အတွက် ပညာရေးသည် အဓိကျသည့် အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အနာဂတ်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကိုရီးယားနိုင်ငံတော်သုတေသနကောင်စီ ၏ အတူတွဲဘက် လုပ်ဆောင်မည့် လုပ်ငန်းအတွက် လိုအပ်ချက်များကို ဆွေးနွေးခဲ့သည်။