စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသော ကရင်ပြည်နယ်အစိုးရ ၀န်ကြီးဟောင်းသုံးဦး ပြန်လွတ်လာ

Author အောင်နိူင်သူ
Categories
Published on Sep 01, 2022

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချထားသော ကရင်ပြည်နယ် အစိုးရ၀န်ကြီးဟောင်းသုံးဦး ယနေ့ မနက်ပိုင်းက ဘားအံမြို့နယ် တောင်ကလေးအကျဥ်းထောင်မှ ပြန်လည်လွှတ်မြောက်လာကြောင်း NLD ပါတီဝင်များထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ပါတီဝင်များဖြစ်သည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးသုံးဦးကို ဆူပူစေရန် လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂နှစ်စီချခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ပြစ်ဒဏ်စေ့လို့ လွတ်တာပါ ဒီအတိုင်းလွတ်တာမဟုတ်ပါဘူး အခုတော့ အိမ်ပြန်ရောက်နေပါပြီ”ဟုရှင်းပြသည်။

ယနေ့ပြန်လွတ်လာသူများမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ခွန်မျိုးတင့် ၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးမင်းကိုခိုင်တို့ဖြစ်သည်ဟု NLD ပါတီဝင်တွေဆီက သိရသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် NLDပါတီဝင်များအနက်  ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့မှာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရသည်။

 

Related News

Depend on news